Tuesday, June 8, 2010

ဝေမျှကြည့်ခြင်း

အစတုန်းက “သူ” ကိုကျနော်မသိ။ သူ အကြောင်းကို နည်းနည်းလေး စသိရတာက ဆရာမြသန်းတင့်၏ ကျနော်ဆက်၍ ရေးချင်သောဝတ္တုများ ဆိုတဲ့စာအုပ်မှာဖြစ်မလားပဲ။ အဲဒီကတည်းက သူက
ကျနော့်ရင်ထဲ မသိမသာ ခိုးဝင်ပြီး နေခဲ့တာလေ။ အဲလိုနဲ့ ကျနော်တောင့်တလာတယ်။ ဒါနဲ့ သူ အကြောင်းကိုဆက်ပြီးစုံစမ်းနေဆဲ မှာပဲ ဆရာမလိခရဲ့ မြန်မာဝတ္ထုအညွန်းအတွဲ(၂) မှာ
သူ..ကိုကျနော်ထပ်တွေ့ရတယ်..အညွန်းဆိုတော့လည်း အညွန်းလောက်ပေါ့လေ။ ဖတ်ပြီး ကျေးဇူးတင်နေရပြန်တယ်၊ ခက်တာက ဒေါက်တာမြင့်မောင်က ကျနော့်စံဖြစ်လာပြီ။ ဒေါက်တာမြင့်မောင်ကိုကျနော်တွေ့ချင်လာပြီ။ ဒါပေမဲ့ ဒေါက်တာမြင့်မောင်ကို တွေ့မယ့် အစား ကျနော်ရွှေလင်းယုန်ကိုတွေ့ရတယ်။ သူလိုလူမှာ တွေ့ရတော့ ဒေါက်တာမြင့်မောင် နဲ့ရွှေလင်းယုန်ဟာ
အတူတူပဲလို့ခံစားမိပေမဲ့ ကျနော်မမေ့ သူ ကိုမမေ့၊ နရသိန်မှာနေစဉ် ကိုသိမ်းစိုး ပြောပြလို့ ဆရာကြီးအကြောင်း ဆရာမကြီးအကြောင်း သိရပေမဲ့ အခုလိုမခံစားမိ။ လေးစားယုံသာ။
ဆရာမကြီရေးတဲ့ သူလိုလူကို အကြိမ်အတော်များများဖတ်မိတယ်။ အားတိုင်းမဟုတ်ပေမဲ့ ကျနော်နဲ့ အနီးဆုံးမှာထားပြီးနေမိတယ် နှစ်တွေသာကြာသွားတယ် ကျနော် သူ ကိုမတွေ့သေးပါ။
နယ်က စာဖတ်သူတစ်ယောက်အနေနဲ့ပြောတာပါ။ ဒီလိုနဲ့ သူကိုကျနော်သတင်းစွင့်နေတယ်၊
နှစ်ထောင်ပြည့်နှစ်၊ စက်တင်ဘာ မှာ သူ ထွက်လာတယ်ဆိုတာ ကြားရပေမဲ့ ကျနော်က
တောထဲတောင်ထဲ ဆရာတော်နဲ့ အတူ အကျင့်ခွင်ထဲရောက်နေတော့ သူကိုကျနော်မရလိုက်။ 2000 ပြည့်နှစ်ဟာ ကျနော့် အတွက်ဘာသာရေှးနှစ်လို့ပြောလို့ရအောင်အထိ ကျနော် ဘာသာရေးကိုပဲ ဇောက်ချလုပ်နေမိတယ်။ ထားပါတော့လေ၊ ဒီလိုနဲ့ သူ အကြောင်းကို မေ့သလိုလိုဖြစ်နေတုန်းမှာပဲ တစ်စ တစ်စ
စွန့်ဝံ့မှလျှင် ဘ၀နောင်နှေင်းဆက်တိုင်းကောင်း၏ ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆရာကြီး ဦးရွှေအောင်ရဲ့စာတွေ အရှိန်ဟုန်ကောင်းကောင်းနဲ့ထွက်လာတော့ ကျနော်ရင်ကမီးက ပိုလင်းလာတယ် သူ ကို မတွေ့တွေ့အောင် ရှာတော့မယ် ဆိုပြီးတော့ စာအုပ်ဆိုင်မှန်သမျှဝင်ပြီး မေးရင်း မြန်းရင်းနဲ့ ဘ၀သစ်စာပေက သူငယ်ချင်းက ဒီစာအုပ်ကို မွေးနေ့လက်ဆောင်ဆိုးပြီးပေးလာတော့ မောင်မင်းကြီးသားကိုဘီယာတစ်ဝ တိုက်ချင်ပါသော်လည်း လက္ခဏာရှားပါနေတဲ့အခါမို့ လက်ဘက်ရည်ပဲ တိုက်လိုက်ရတာ စိတ်မကောင်းဖြစ်ရသေးတယ်ဗျ။

ဟုတ်..သူ.. ကို ကျနော်လက်ဝယ်ပိုင်ပိုင်ရပါပြီ၊ အိမ်ပြန်တဲ့ခြေလှမ်းတွေကပေါ့နေတယ်။ အိမ်ကိုကျနော် မြန်မြန်ရောက်ချင်နေတယ်၊ ဒါပေမဲ့ ဆိုင်ကယ်ကိုပုံမှန်မောင်းရင်း ပါးစပ်ကတော့ မေတ္တာသုတ်ကို ရွတ်နေမိတယ်။ အကျင့်ပါနေတာကိုး၊ စိတ်ကတော့ စာအုပ်မှာပါ..အိမ်ကျရင်တော့ဖတ်ရပီပေါ့၊ဒေါက်တာမြင့်မောင်နဲ့
စကားပြောရပီဆိုတော့ ၀မ်းသာနေလိုက်တာ။

အိမ်ကျတော့..စာမဖတ်သေးခင်..အမေ့ကိုဘာလုပ်ကူရမလဲမေးပြီး..မရှိဘူးသားရေ ဆိုတာနဲ့ ကျနော်အိမ်ပေါ်တက် စာအုပ်တွေဖြူနေတဲ့နေတဲ့ ကျနော့် အိပ်ရာဆီရောက်ပြီးနောက် သူကိုစဖတ်တယ်ဗျာ။

စီစဉ်သူ ဦးသိမ်းစိုးဆိုတာနဲ့ ဗိုလ်ကျင်ကို လှမ်းမြင်သတိရမိပါသေး။ ခင်ခဲ့ကြရတာကိုး…စာကအဖွင့်ကတည်းက အနှစ်နဲ့စာ အဆွေနဲ့ခင်ပွန်းကို ရွေးခိုင်းထားတဲ့ အကြော့ရဲ့ဖခင်ကြီးရဲ့အမှာကိုက တွေးစရာတွေရလာတယ်ဗျာ၊
ဆရာကြီးက စာနိုင်တယ်ဆိုတော့ အဆွေနဲ့ခင်ပွန်းကိုခွဲရေးလိုက်တော့မှ အဆွေခင်ပွန်းတို့ရဲ့လေးနက်မှုကို ကျနော်သတိထားမိတယ်ဗျာ။

ဦးဘိုးကူး ကိုဝင်ကယ်ရင်း မျက်နာအမာရွတ်နဲ့ခြေထော့ကျိုးဘ၀ ရောက်သွားခဲ့ရတဲ့ ကိုမြင့်မောင် ကိုသိရတော့အားကျတယ်၊ သူဋ္ဌေးဘဇံက မောင်သန်းလေးကို တရိစ္ဆာန်တစ်ကောင်လို ရိုက်နက်နှိပ်စက်နေတော့ လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ မောင်သန်းကိုခေါ်ပြီး
ဆေးခန်းခေါ်ပြီး ဆေးကုပေးခဲ့တဲ့ ဒေါက်တာမြင့်မောင်မှာ မတရားတာကို မတရားဘူးလို့ မပြောပေမဲ့ အလုပ်နဲ့သက်သေပြခဲ့တဲ့ အကြောင်းကိုဖတ်ရပြန်တော့ ကိုယ့်ကိုကိုယ်ရှက်မိပြန်တယ်၊

အဲလိုပဲ သုံးဆယ်မှာ မနေနိုင်တော့လို့ မြို့ကအထွက်ကားပေါ်မှာ သူငယ်ချင်းဒေါက်တာထွန်းဝေနဲ့တွေ့ပြီး အိမ်ခေါ်တော့ မလိုက်ရဲ သူတစ်ပါးကိုယ့်ကြောင့်တာဝန်ပိုမှာ စိုးလွန်းတာကို ဖတ်ရပြန်တော့လည်း
ဦးချစ်မောင်ကြီး သူငယ်ချင်းတွေအသံကြားရင် နိုးမှာစိုးလို့ အိမ်နောက်ဖက်မှာုန့်စားတာကိုသတိရလာမိတယ်၊ ဒီလိုနဲ့ လဲ့လဲ့ရောက်လာပြီး သူ့ကောင်းကြောင်းတွေပေါ်ကုန်ုမှာစိုးလို့ဒေါက်တာထွန်းဝေအိမ်ကအထွက်
ကားဂိတ်မှာ တစ်ကျပ်တည်း ကျန်တဲ့ပိုက်ဆံကိုတောင်မှ ကားသမားတွေနဲ့ အေးတူပူအမျှ
ဝေမျှစားသောက်ပြီး သုံးမတ်ဖိုးပဲကားစီးတဲ့ အခွင့်အရေးမယူတတ်တဲ့စိတ်ကိုဖတ်ရတော့
ငါတို့နဲ့များကွာပါ့လို့တွေးမိပြန်တယ်။ ကိုသက်ထွန်းကိုတော့ ကျနော်ထရိုက်ချင်တယ်။ ရိုက်ချင်လောက်အောင်လည်း ကျေးဇူးမဲ့လုပ်ခဲ့တာကိုးဗျ။ စဉ်းစားကြည့်လေ ကျောင်းဆက်မတက်နိင်တော့တဲ့ အနေအထားမှာ ကိုမြင့်မောင်သာစရိတ်မထောက်ရင် ဆရာဝန်အနံ့တောင် ၀အောင်ရှူရမှာမဟုတ်ဘူး ဒါကိုတောင်မှ အကြော့ကို စည်းကမ်းဖေါက်ပြီးရအောင်ယူခဲ့တာ ကျေးဇူးမဲ့တာပေါ့။ ဒါလည်း ကိုမြင့်မောင်ဘာမှမပြော၊ ကိုယ်ကောင်းတာလုပ်တာကို လူအသိမခံချင်တာက ဦးချစ်မောင်နဲ့တူပြန်လေရော။ ဂျပန်ခေတ်တလျှေက်လုံး ကိုယ့်ငွေနဲ့ကိုယ် တိုင်းပြည်အတွက်အလုပ်တွေ နေ့မနားညမနားလုပ်ခဲ့ပေမဲ့ နေရာမယူဘဲ ကိုယ်ဘာမှမလုပ်ခဲ့သလိုနေနိုင်တဲ့ သူတော်ကောင်း သူရဲကောင်းတွေဗမာပြည်မှာ
အများကြီးထပ်ပေါ်လာစေချင်တယ်ဗျာ

မင့်ကဘာကောင်မို့ စာအုပ်ကိုဝေဖန်ရဲရတာလဲမေးကြရင် ကျနော်မဝေဖန်ပါ။ အဲလိုလုပ်ဖို့ အရည်ချင်းမရှိသေးပါ စာအုပ်ကိုဖတ်ပြီကျနော်ခံစားရသမျှကို ပြန်ပြောပြချင်လို့ရေးလိုက်တာပါ
ကျနော်ဟာစာဖတ်သူသက်သက်ပါ စာအုပ်ကောင်းတယ်ထင်ရင်ပြန်ပြောပြဖို့ဝန်မလေးသူပါ၊ ဒါကြောင့် အခုကအစကျနော်ဖတ်မိခဲ့တဲ့စာအုပ်အကြောင်း၊ဘလော့ အကြောင်းလေးတွေကို
ဆက်လက်ဝေမျှခံစားပါရစေဗျာ။


ငြိမ်းချမ်းပါစေ

ဥပသကာ

Saturday, June 5, 2010

မီးရောင်ကို ရွှေတောင်မှတ်ပါလို့

ကျနော်တို့ငယ်တုံးက ရပ်ကွက်ထဲမှာ အရမ်းဂွကျပြီး ပေါင်းရသင်းရ အင်မတန်ခက်တဲ့ အဘိုးတစ်ယောက်ရှိခဲ့တယ်၊ အလုပ်ကတော့ ပန်းပုထုတဲ့ဆရာကြီး၊ ဆရာကြီးဆိုမှတကယ့်ဆရာကြီးဗျ၊ သူ့လက်ရာတွေကိုတနိုင်ငံလုံးသိပါတယ် ကန်တော်ကြီးထဲရှိတဲ့ ကရ၀ိတ်ဖောင်တော်ပဲ၊ ပြောရဦးမယ် ဒီတုံးက ကျနော်က အတော်ငယ်သေးတယ်ဗျ၊ အဲဒီ အဖိုးထူးခိုင်အိမ်ရှေ့မှာပဲ ၀ိုင်းပြီးသူများကစားတာကို ထိုင်ကြည့်နေမိတယ်ဗျာ၊ သိပ်ပြီးလည်းပြေးနိုင်လွားနိုင်မဟုတ်တော့ ထိုင်ကြည့်နေမိတယ် အားကျတဲ့စိတ်နဲ့ပေါ့လေ၊ အဲလိုကြည့်နေတုံးမှာပဲ၊ မာစတာဂျစ်တွေပေါ့ဗျာ သုံးလေးစင်းလောက် တန်းစီပြီး အိမ်ရှေ့မှာထိုးဆိုက်၊ နောက်ကပါလာတဲ့စစ်ကား ပေါ်က စစ်သားတွေကခုန်ချလာပြီးနေရာယူနေလိုက်ကြတယ်၊ ကျနော်တို့လည်းဘုမသိ ဘမသိ ကစားတာအကုန်နားနေပြီး ဒီအဖြစ်ပျက်ကိုလှမ်းကြည့်၊ အဆော့မက်လွန်းတယ် ဆိုတဲ့ မောင်သစ်ဆိုတဲ့ သူငယ်ချင်းတောင် ပြေလွားနေတာရပ်ပြီး ဒါကိုလှမ်းကြည့်နေကြတယ်၊ ရပ်ကွက်ထဲက အိမ်တွေကလည်း ထွက်ကြည့်ဘာဖြစ်တာလဲပေါ့၊ အဖိုးထူးခိုင်ရဲ့ သားသမီးတွေဆို မျက်နာတွေပျက်ပြီး ခြေလက်တွေအေးကုန်တယ်ဆိုပဲ ဒါကနောက်ပြန်ပြောပြလို့သိရတာလေ၊ အဲလိုစစ်သားတွေနေရာယူပြီးတော့မှ မြို့နယ်ကောင်စီဆိုလား ဘာဆိုလား ကားပေါ်ကဆင်းပြီးတော့ ဆရာကြီးကိုတွေ့ချင်လို့ပါခင်ဗျ၊ ဗိုလ်မှုးတစ်ယောက်လည်းပါသေးတယ်ဗျ၊ ဒီနှစ်ယောက်ပဲ အိမ်ထဲဝင်နေတာ ကျနော်က အိမ်ရှေ့အစွန်းထိုင်နေတော့မြင်နေသေးတယ်၊ အဖိုးကတော့ ဘာကိုမှသိပုံမရ သိလည်းဂရုစိုက်မဲ့သူမဟုတ်၊ နောက်တစ်ခါ ထပ်မေးတယ် ဆရာကြီးတဲ့ …. ဘာမှမကြားသလိုလုပ်နေပြီး အတော်ကြာမှ၊

‘ မင်းဘယ်လိုလူလဲကွ..ဒီမှာအလုပ်လုပ်နေတာ မမြင်ဘူးလား၊ လူမှုရေးနားမလည်ဘူးလား၊စာမတတ်ဘူးလား” အဲလိုမေးနေလိုက်တာ စုံနေတာပဲ၊ သားသမီးတွေဆို သေးလူးမတတ်ကြောက်ကုန်တော့တာပေါ့ အဖေ့ကိုလည်းပြန်မပြောရဲ ပြောလည်းမရမှန်းသိနေကြတာကိုး။ ဒါနဲကကောင်စီဥက္ကဋ္ဌဘေးမှာပါလာတဲ့ ဗိုလိမှုးက ကြားဝင်ပြောရတော့တယ်၊ ‘ ဒီလိုပါ အဘ ပါတီဥက္ကဋ္ဌကြီးက ရန်ကုန်ခဏကြွဖို့ အဘကိုဖိတ်ခိုင်းလိုက်လို့ကျနော်တို့လာတာပါခင်ဗျ” လို့ပြောတော့။

ပြန်ဖြေလိုက်ပုံလေးက သင်းပါ့ဗျာ

“ အေး..အခုငါအလုပ်လုပ်နေတယ် ၊မအားသေးဘူး၊ အားမှလိုက်မယ်”

ဒါနဲ့ လာခေါ်သူတွေလည်း ဟုတ်ကဲ့ပါ လို့ပြောရင်းစောင့်နေလိုက်ရတာ၊ သိပ်မစောင့်ရပါဘူးလေ၊ ပါတီဥက္ကဋ္ဌကြီးအမိန့်ဆိုတော့ လေးနေ့လေးည လောက်ပါပဲ၊ ဒါနဲ့ လိုက်တော့လည်း တန်ဆာဗလာတွေကောက်ထည့်၊အ၀တ်နှစ်စုံလောက်ထည့်ပြီး၊ သားကိုအဖေါ်ခေါ်ပြီးထလိုက်သွားတော့တယ်ဗျာ

အဲလို အင်မတန်ဂွကြပြီး အကြောက်အလန့်နည်းတဲ့ ပညာရှင်အဖိုးအို ကြီးက ဘာပြောတတ်လဲဆိုတော့၊ ငါတို့ခေတ်က မီးကိုမီးမှန်းသိတယ် ရွှေကိုရွှေမှန်းသိတယ် မင်းတို့ခေတ်ကျတော့ မီးရောင်ကိုရွှေတောင်မှတ်နေကြတာပဲ…မီးမှန်းမသိ ရွှေမှန်းမသိကောင်တွေဆိုပြီးတော့။

ကျနော်ပြောချင်တာက ဒီဆရာကြီးရဲ့စကားက အခုခေတ်လေပိုမှန်လာလေပဲ ကျနော်တို့ မီးရောင်ကိုရွှေတောင်ထင်နေရတာပါ့ အတုအယောင်တွေကြားမှာ နစ်မွန်းသာယာရင်း ပြီးတော့ ပကာသနနဲ့ပိုင်ဆိုင်မှုတွေကို ကျားကုတ်ကျားခဲတွယ်ဖက်ထားရင်း နဲ့ ကျနော်တို့ရှင်သန်မှုတွေကို ဖြတ်သန်းစီးဆင်းစေခဲ့တယ်။

သာသနာတော် အရေးမှာလည်း ဓမ္မထက် ဂုဏ်ကရှေ့ဆောင်လာတယ်၊ ဓမ္မကိုမမြင်တော့ ဘွဲ့မရသောသံဃာတော်များ ကြည်ညိုသူနည်းလာတာတွေ့ရတာ စိတ်မကောင်းစရာပါ၊ ၀ိနည်းသိက္ခာထက် ဘွဲ့ကိုအလေးပေးလွန်းတယ်လို့ ကျနော်ထင်မိပြန်တော့ ရင်ထဲမကောင်း၊ အဓိက နဲ့သာမညကို ကျနော်တို့ရွှေးတတ်နေပြီလို့ထင်မိခဲ့တဲ့အမှားကိုနောင်တစ်ချိန်မှာပြန်ပြီးပေးဆပ်ရမယ်ဆိုတာကတော့သေချာတာပဲလေ၊ ။

လူမှုပတ်ဝန်းကျင်မှာလည်း သီလသိက္ခာထက် ပကာသနသိက္ခာတွေက ပိုပြီးလွမ်းမိုးလာတယ် အနောက်က စိတ်ပိုင်းဆိုင်ရာတွေကို ပိုပြီးရှာဖွေလာတဲ့အချိန် မှာ ကျနော်တို့အရှေ့က ရုပ်ကိုတွယ်ဖက်ဆုပ်ကိုင်ပြီး ကျားကုတ်ကျားခဲ ရှင်သန်နေတယ် ကိုယ်ကျင့်သိက္ခာတရားစံကို Globalization ဆိုတဲ့ စကားလုံးကိုအလွဲသုံးစားလုပ်ရင်း ပေါ်တင်ကြီးချိုးဖေါက်လာကြတယ် ၊ဒီနေရာမှာ ကျနော်ဆိုလိုတာက ထိုင်မသိမ်းဝတ်ပြီး ခေါင်းဘီးပတ်ကြီးနဲ့ပြန်နေရမယ်လို့ပြောနေခြင်းမဟုတ်ပါ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတဲ့ကျနော်တို့အနေနဲ့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားတတ်စေချင်တယ်လေ၊

ကျနော့်အနေနဲ့ ကမ္ဘာကြီးရွာဆန်လာတာကို သဘောကျတယ် အသားရောင်ခွဲခြားတာတွေ လူမျိုးရေးခွဲခြားတာတွေ ပပျောက်ပြီး ကိုယ်ချင်းစာတရားတွေအပြည့်အ၀နဲ့ လူကိုလူလိုမြင်တဲ့စိတ်နဲ့ နေနိုင်မယ်မျှော်လင့်မိပေမဲ့၊ ကျနော်တို့လူမျိုးအချင်းချင်းက အင်မတန်မှချောက်တွန်းကောက်ကျစ်ကြတဲ့ရင်ဖွင့်သံတွေကို ကျနော် ကြားသိမြင်ရပြန်တော့ စိတ်မချမ်းသာဖြစ်ရတာဝန်ခံပါတယ်၊ အင်မတန် စိတ်ထားမြင့်မြတ်လှပါတယ်လို့ သတင်းမွေးခဲ့တဲ့ ကျနော်တို့လူမျိုးရဲ့ ပင်ကယိုစိတ်တွေက နေလာနှင်းပျောက်ဆိုသလို ဂလိုဘယ်နဲ့အတူပျောက်ကွယ်သွားရမှာလား?။

တဖြည်းဖြည်း ခြင်း အောက်တန်းကျလာတဲ့ စိတ်ဓာတ်တွေက ကင်ဆာလိုပျံ့နေတယ်၊ ပြီးတော့ လူငယ်တွေကြားမှာ အတတ်ပညာ နည်းပညာတွေနဲ့ အတူ မကောင်းဆိုးဝါး မူးယစ်ဆေးတွေကလည်းပျံ့နေတယ်
ဘယ်ကနေအဲလောက်ပျံ့နေလဲ? ဘိန်းနဲ့ အဖျက်ဆီးခံရတဲ့တရုပ်ပြည် မှာ ပြန်လည်း ပြုပြင်ရေးတွေ မနည်း ပြန်လုပ်လိုက်ရတယ်၊ အခု ကျနော်တို့ခလေးတွေကြားမှာ အလားတူ မူးယစ်ဆေးတွေပလူပျံနေတယ်၊။

ပန်းကောင်းတွေအညွန့်မကျိုးစေချင်ပါ၊ အရက်ဆိုင်တွေ အရမ်းပေါလာတာဟာ ကောင်းတဲ့ယဉ်ကျေးမှုမဟုတ်ပါ
အသက်မပြည့် အရွယ်မရောက်တဲ့ ခလေးတွေကို ဆေးလိပ်၊ အရက်စတာတွေဝယ်ခိုင်းနေတာမျိုး မလုပ်သင့်ဘူးဆိုတာကိုတောင် နားလည်းအောင် မနည်းပြောရမဲ့အခြေနေရှိနေတယ်။

မီးရောင်ကိုတော့ ရွှေတောင်မမှတ်စေချင်ပါ၊

ဒါပေမဲ့ အခု ကျနော်တို့ တစ်တွေက မီးရောင်ကို တကယ်ရွှေတောင်မှတ်နေရတဲ့ဘ၀ဆိုတာကို ၀န်ခံစကားဆိုရင်း။

ငြိမ်းချမ်းကြပါစေ

Sunday, May 30, 2010

အမှန်တရားခါး၏ မုသားချို၏

လူဆိုတာကတော်တော်ခက်တဲ့သတ္တ၀ါ ကျနော်လည်းလူသားဆိုတော့ ခက်တဲ့အထဲကျနော်လည်းပါနေတယ် ကိုယ်မကြိုက်တာကို ကြိုက်ချင်ယောင်ဆောင်ပြီးနေပြလိုက်ရ၊ မချစ်သော်လည်းအောင့်ကာနမ်းရ၊ ရင်ထဲမရှိတဲ့စကားကို ရှိယောင်ပြောရ၊ မောလိုက်တာ၊ ကိုယ်ရပ်တည်နေတဲ့ အခြေအနေလေးတစ်ခု၊ ကိုယ့်ရဲ့ဘ၀လို့ပြောနိုင်တဲ့ပစ္စုပန် အခြေနေလေးတစ်ခု မပြောင်းသွားဖို့ ဖက်ထားတွယ်ကပ်ကုတ်ချက်ပြီးနေနေရတာ မောစရာတော့အကောင်းသား။

ပိုဆိုးတာက..အခြေနေတစ်ခုပျက်မသွားဖို့၊ အမှန်တရားကိုကျောခိုင်းလိုက်ရတဲ့အခါ၊ မှားတာကိုမှားနေပါတယ်လို့ လူသိရှင်ကြားထုတ်မပြောရဲတဲ့အခါ အဲလိုအခါတွေရောက်လာရင် လူဟာလူအဖြစ်က ဈန်လျှောပြီး တိရိစ္ဆာန်ထက်နိမ့်တဲ့ဘ၀တစ်ခုကိုရောက်သွားတယ်လို့ကျနော်ထင်နေမိတယ်။

ဟုတ်တယ်လေ..ခွေးဟာကြောက်လာရင်အမြီးကုတ်သွားတယ်၊ ဒါဆိုသူကြောက်နေပြီ ခွေးအချင်းချင်းလည်းသိတယ် လူတွေလည်းသိတယ် ဒီကောင်ကြောက်နေပြီလို့ တခြားသောသတ္တ၀ါတွေလည်းသိမှာပဲ.. ခွေးက သူကြောင့်နေပါတယ်လို့ အမှန်ကိုအမှန်အတိုင်းပြောတာ၊အမူရာပြတာပေါ့လေ၊ အဲ..ခွေးဒေါသထွက်လာရင်..ဂီး.. ကနဲအော် မာန်ဖီပြီး အမြီးထောင်၊ ဘာကောင်ပဲဖြစ်ဖြစ်ကိုက်ပစ်မယ်ဆိုတာ၊ အားလုံးအသိ၊ဒါလည်းအမှန်ပဲဒေါသထွက်နေတာကိုး။

ခွေးကချစ်လာပြီဆိုရင် အမြီကလေးတလှုပ်လှုပ် တရမ်းရမ်းနဲ့ ပွတ်သတ်ကျီစယ်ပြီး ချစ်နေတယ်ဆိုတဲ့ အမူရာပြတာ..ဟုတ်တယ်နော်၊

ကျနော်တို့လူတွေများ၊ အမှန်တရားကိုပြောရမှာ၊ နားထောင်ရမှာကြောက်သလားပဲ၊ ဘာလို့ကြောက်နေလဲ ဒီအမှန်တရားဆိုတာကို၊ ဘာလို့အမှန်တရားကိုချောင်ထဲထည့်ပြီး မာယာကိုအိမ်ဦးခန်းမှာထားပြီး ကိုးကွယ်ချင်နေကြတာလဲ၊၊ လေးသင်္ချေ ကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီး ဘုရားရှာခဲ့တာ သစ္စာဆိုတဲ့ အမှန်တရားကိုပါ၊ဒါပေမဲ့ ကျနော်တို့မှန်တရားကိုကြောက်နေကြတယ်၊ အမှန်တရားကိုမုန်းနေကြတယ်..မမုန်းတဲ့သူနည်းပါလိမ့်မယ်၊။

မယုံရင် သူခိုးတစ်ယောက်ကို..သူခိုးလို့ပြောကြည့်..တစ်ခါတည်း ဓါးနဲ့အခုတ်ခံရသလို နာလိုက်တာ ၊နာကျည်းလိုက်တာ တခါတည်းထသသတ်မလားပဲ ကျနော့်ကိုပြောကြည့်ပါလား ခင်ဗျားအရုပ်က ဘီလူးချဉ်သီးကျွှေးထားတဲ့ရုပ်လို့ ကျနော်ထသတ်မလားပဲ အရှက်ပေးတာကိုး ကျနော်ကချောနေလို့လား? နိုး ခုနကပြောတဲ့အရုပ်ပဲ.ဒါဆိုဘာလို့ နာလိုခံခက်ဖြစ်နေလဲ၊ မှန်နေလို့ပေါ့ဗျာ၊ မှန်နေလို့ပေါ့။

ငါတို့ကမှန်မှရတယ်ကွ..လို့ကြေါကျော်နေတဲ့သူတွေ၊ မှားတယ်ထင်တာကိုထောက်ပြကြည့်ပါလား? တစ်ခါတည်းအမှုန့်ဖြစ်သွားနိုင်တယ်၊ တစ်ခါတစ်ခါတော့လည်း လူတွေအမှန်တရားကို အမှန်တကယ်ချစ်လာကြပါစေလို့ ဆန္ဒပြုမိတယ်၊ ကျီးကိုဒေါင်းပြော ဒေါင်းကိုကျီးပြောပြီး နေကြရတာကို သာယာနေလား၊ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ခွေးကို ခြင်္သေ့လို့ပြော တီကောင်မဟုတ်ပါဘူးကွာ နဂါးကြီးပါလို့ပြောနေရတာလား?

မှားနေတာကိုတော့မှားနေတယ်ပြောရင်၊ မခံခြင်တဲ့ပုထုဇဉ်သဘောကို သိကြလို့လား ကျနော်တွေးတုံးပဲ။

ရွှေ့လျားနေတဲ့ယဉ်ကျေးမှုတွေကိုယ်တိုင်က အတုတွေလား? ဘာအတွက်တစ်ဦးကိုတစ်ဦး လိမ်နေကြတာလဲ?
ဘာအတွက်အဖွဲ့စည်းတစ်ခုနဲ့တစ်ခု ညာနေကြတာလဲ? ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ရာဘာသာတရား အားလုံးနီးပါး လိမ်ညာတာကို တားမြစ်ကြပေမဲ့၊ Followers တော့ ဒီတားမြစ်ချက်ကို အကြောင်းပြချက်ပေါင်းစုံနဲ့ ချိုးဖေါက်နေကြတာပဲလေ။

အကြောင်းရှာတော့..တစ်ခုတည်းပဲ၊ ငါကောင်းစားရေး ၀ါဒကရှေ့တန်းရောက်လာတာပါပဲ ငါကောင်းစားရေးဝါဒ အရှေ့တန်းရောက်လာတဲ့ အိမ်တစ်ဆောင်မှာ အိမ်ဆူတယ် ၊အလားတူပဲ ငါကောင်းစားရေးတွေရှေ့တန်းတင်လာတော့ ပြည်ဆူတယ်၊ နောက်ဆုံးကမ္ဘာစစ်ကြီးတွေဖြစ်လာတဲ့အထိ တရားခံက ငါကောင်းစားရေးဝါဒပဲ။

မရှိတဲ့ငါကိုရှေ့တန်းတင်မိခြင်းအမှားကို ကျနော်အပါအ၀င် ပုထုဇာဉ်အားလုံး ခံစားနေရတာပါပဲ၊ ကျနော်တို့ပုထုဇာဉ်သဘာဝကိုတိုင်က မာယာကိုမင်းမြှောက်ပြီး သစ္စာကိုခံချချင်နေကြတာလေ၊ တကယ်တော့ ဘု၇ားရဲ့တရားတော်ကိုယ်တိုင်က အသေကို ရှာပီး အသေလွတ်ရာကိုသွားတာလေ၊ ဒုက္ခကို သစ္စာမြင်အောင်ကြည့်ပြီး လွန်မြောက်ရာကိုသွားတာပါလေ၊ ကျနော်တို့လိုချင်တာက ၊တွေ့ချင်တာက၊ သုခ မှန်သမျှ၊ အစားကောင်း အသောက်ကောင်း အနေကောင်း ဆိုတဲ့လောကသတ်မှတ်ချက်တွေ၊။

အဲလိုကောင်းတာတွေလိုချင်တဲ့စိတ်ရယ်၊ မရှိတဲ့ငါကိုရှေ့တန်းတင်တာရယ်ပေါင်းလိုက်တော့ မလုပ်ရဲတာဘာမှမရှိ တော့၊ ဘာမှမမြင်တော့ဘူးလေ၊

ဆရာတော်ကြီးဆုံးမခဲ့ဘူးတာကိုပြန်သတိရလာတယ်၊

ပုထုဇာဉ်တွေမှာ အမှန်တရားခါး၏ မုသားချို၏ တဲ့လေ။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ။

Thursday, May 27, 2010

ကျေရာကျေကြောင်း

လပြည့်နေ့…လသာတဲ့လပြည့်နေ့ပေါ့၊ ဟ… လပြည့်နေ့ပဲ လသာမှပေါ့လို့ ပြောရင်တော့ လမသာခဲ့တဲ့ လပြည့်ညတွေကို အမှတ်ရပေးစေချင်ပါတယ်၊ လပြည့်နေ့တိုင်း လသာခဲ့တာမှမဟုတ်ပဲလေ၊ အဲလိုပဲ ဘ၀ဆိုတာလဲ ပုံသေကားချပ်မှမဟုတ်တာ ၊မြင့်လိုက်နိမ့်လိုက် သွားလိုက်ပြန်လိုက်၊ပူလိုက်အေးလိုက် ၊ဆင်းရဲချမ်းသာ တလှည့်စီဖြစ်နေတာလို့ လူတိုင်းသိတယ်၊ သိသမှသိပ်သိ၊ဒါပေမဲ့ ဒဏ်တွေကိုတော့မခံနိုင်ကြဘူး
တချို့က ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး၊ တချို့က ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး၊ အမြင့်ဆုံးကလူ အောက်ဆုံးကို ရောက်ရင် ရူးတော့တာပဲ အနိမ့်ဆုံးကလူတွေ အမြင့်ဆုံးရောက်ရင် မေ့ကြတာပဲ၊ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် လောကနဲ့မကင်းကြသူတိုင်းမှာ၊ လူဆိုပြီးတော့ အမည်နာမခေါ်ဝေါ်သမုတ်နေကြသူတိုင်းမှာ ကျေးဇူးတရားတွေနဲ့ ကင်းပြီးနေကြရတဲ့သူမရှိ ရှေးကလည်းမရှိ ယခုလည်းမရှိ နောင်လည်းမရှိ ၊ကျေးဇူးတရားနဲ့ ကင်းကြသူတွေမရှိကြပေမဲ့ ကျေးဇူးကန်းကြသူများကတော့ အတိတ် ပစ္စုပန် အနာဂတ် ကာလသုံးပါးစလုံးမှာတော့ ရှိနေကြတာပါပဲလေ။

ကျေးဇူးရှိခဲ့ဖူးသူများကို ကျေးဇူးဆပ်ချင်ပေမဲ့ မဆပ်နိုင်သေးတဲ့ သူများအတွက်စကားလက်ဆောင်ပေးချင်တဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်တယ်ဆိုပါတော့၊ အခုတလော ကျနော်ကိုယ်တိုင် လောကဒဏ်လှိုင်းတွေကြားမှာ အားတင်းကူးခပ်နေရတာကြာပါပြီ ၊ဒါပေမဲ့ငြီးနေလို့ဘာထူးမှာလဲ ကိုယ့်ဝန်ကိုယ်ထမ်းနေကြရတဲ့ လူတွေချင်းကိုယ်စီ အခက်ခဲတွေကိုကူညီပေးခဲ့ကြတဲ့ လူအဖြူရောင်တွေရှိလာတယ်၊ ဘယ်တော့မှ သူတပါးအကူအညီကို မယူဘူးလို့ဆုံးဖြတ်ထားတဲ့ကျနော် မယူမနေရအခြေနေတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ၊ ရှက်အားငယ်စွာနဲ့ပဲ လက်ခံနေခဲ့ရတယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ်တွေးမိတာက ငါအစွမ်းစမဲ့ပြီလားဆိုတာပဲ၊တဘက်ကလည်း ပြန်တွေးမိတယ် ဒီကျေးဇူးတွေအတွက် ငါဘာပြန်လုပ်ပေးနိုင်မလဲပေါ့၊ စိတ်ချ..ကူညီတဲ့သူဘက်က ဘာကိုမှမမျှော်လင့်၊ တုံ့ပြန်မှုကိုမျှော်ပြီးကျေးဇူးပြုခြင်းမဟုတ်၊ ဒါကိုသိတော့ကျနော်ပိုရှက်လာတယ်၊ ငါဘာလုပ်ပေးနိုင်မလဲ? တွေးတယ်..တွေးပြီးနေမိတယ်၊ စားဖို့တောင်မှ အနိုင်နိုင်ဖြစ်နေတဲ့ကျနော့် အခြေနေက ဘာမှလုပ်မပေးနိုင်။

အဆင်ပြေလား၊ခလေးကော ကျောင်းအပ်ပြီးလား၊ မပြေရင်ပြော၊ လို့ဆိုလာတော့ပိုအရှက်ရသလို ပျောက်ဆုံးနေတဲ့မေတ္တာတရားကိုပြန်တွေ့လိုက်ရသလိုပဲ၊ ကျနော်အခက်ခဲဖြစ်မှ ရဟန်းလည်းမနေရ၊လူလည်းမနေနိုင်ဆိုသလိုပဲ၊

လူအမှုကဘုန်းကြီးပတ်ဖြစ်ရပုံက တောရဆရာတော်ကြီးပင်မနေနိုင်ဖြစ်ရတယ်၊ဒီကြားထဲ..ဟိုအခက်ဒီအခက်တွေကများ၊ထားတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ်ရှက်ရှက်နဲ့ရေးတဲ့စာပေါ့ဗျာ၊ ဦးဥပသကာ အိမ်စရိတ်လောက်လား အလုပ်ကကကောဘယ်လိုလဲ? ဘာလုပ်ပေးရမလဲလို့ ထပ်မေးလာတော့၊ ကျနော့်အဖြေက ပြေပါတယ်ပေါ့၊ မပြေလည်းပြေရမယ်၊ ကျနော့် ဘက်က ဘာတခုမျှ အကောင်းမလုပ်ပေးဖူးခဲ့ပေမဲ့ သူ့ဘက်ကချည်းဆိုတော့ တဖြည်းဖြည်းနဲ့ လူယုတ်မာစာရင်းဝင်နိုင်တယ်၊

ဘာပြန်လုပ်ပေးနိုင်မလဲ? တွေးရင်း…တန်ခူးလပြည့်နေ့မတိုင်ခင်တစ်နေ့မှာပေါ့ဗျာ။

အမေ့ကိုဆေးခန်း အမှတ်201 မှာတင်ထားဆဲ ကျနော်ပဲလူစောင့်၊ကျနော်ပဲထမင်းချက်၊ ကျနော်ပဲရှာသင့်တာရှာ
ဇာတ်ရုပ်များနဲ့နေတဲ့နေ့၊ အမေအိပ်နေတော့ မဟာဗုဒ္ဓ၀င်ကြီးကိုဖတ်ရင်း ..ဖတ်နေတာကဖွားတော်မူခန်း ..သတိရမိတာက..မယ်တော်မိနတ်သားကို မြတ်စွာဘုရားကျေးဇူးဆပ်တဲ့ဖြစ်စဉ်တော်၊သီတင်းကျွှတ်လပြည့်နေ့ လူ့ပြည်ဆင်း…..

အာ…ဟုတ်ပြီ..ဒါလောလောဆယ်ငါနိုင်တဲ့နည်း..လပြည့်နေ့တိုင်းဘုရားသွား…သန့်ရှင်းရေးကိုသေချာလုပ်၊ ကျေးဇူးရှင်တွေကိုအာရုံပြု ပဋ္ဌာန်းရွှတ်..။ ဘယ်နှစ်ခေါက်ဆိုတော့၊ အချိန်ရရင်၊ငါးခေါက် အချိန်မရရင်းသုံးခေါက်
ပြီးတော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့သူတွေကိုသေချာအမျှဝေ၊ သစ္စာပြု၊ အနည်းဆုံးကျေးဇူးရှင်တွေ အန္တာရာယ်ကင်းလိမ့်မယ်၊ လို့တွေးမိရင်း..ကျနော်လုပ်ဖြစ်တယ်။

ကနေ့လည်း..နယုန်လပြည့်နေ့၊ မဟာသမယနေ့ပေါ့လေ၊၊ နဂါးရစ်တောင်ဘုရားကိသွားပြီး ကျေးဇူးရှင်မွေးမိခင်ကြီးနဲ့တကွ..ကျေးဇူးပြုဖူသူအပေါင်းတို့၏ ဂုဏ်ကျေိးဇူးကိုမှန်းပဋ္ဌန်းရွတ် ပြီးတော့မှ ကိုယ့်ကိုတစ်ဆုပ်၊ တစ်လုပ်၊ ပေးကမ်းချီးမြှေက်ထောင်ပံ့ပေးသူ၊ တကြောင်း တစ်ဂါထာ၊စာတစ်လုံးမျှသွန်သင်ပေးသူများ အတွက်တစ်ခေါက်၊

ပြီးတော့ကမ္ဘာမြေကြီးနဲ့ နေမင်းလမင်း မိုးမင်း..တို့ကိုရည်စူးပြီးသံသရာအစဉ်ဆက်ကျေးဇူးပြုခဲ့ပြီးသူများအတွက် တစ်ခေါက်။

နေက်ပြီးတော့ ကိုယ့်ကိုကူညီနေတဲ့ ကျေးဇူးရှင် (နာမယ်) သို့ (နာမယ်များ) ကိုတစ်ဦးချင်းခေါ် ပုံပေါ်အောင်ကြည့်

မောင်းထောင်ဆရာတော်ကြီး မေတ္တာပို့သလိုပေါ့ အလင်းဝန်းထဲထဲ့ပြီးပဋ္ဌန်းပစ္စယနိဒ္ဒေသကို ဖြည်းဖြည်းချင်းရွတ်။

မေတ္တာပို့။

ဒီဗကျးဇူးတွေကိုဆင်ခြင် အောက်မေ့နှလုံးသွင်းနေမိတယ်လေ။

အခုအချိန်မှာတော့ ကျန်ာလုပ်နိုင်တာလေးနဲ့ပဲ ကျေးဇူးဆပ်နေမိတာပါ၊ ဒီထက်မက လုပ်နိုင်သူများဒီထက်ပိုပြီးကျေးဇူးတရားကို ဆပ်နိုင်ကြပါစေလို့ ရိုးသားစွာဆိုရင်း။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ။

Saturday, May 15, 2010

ယခင်နဲ့ယခု

အနောက်ဘက်ကတက်လာမဲ့ တိမ်မဲညိုကို ကျနော်မျှော်မိနေတယ် နေ၀င်ချိန်တိမ်တောက်ပြီး

လှနေတဲ့ဆည်းဆာကိုငေးကြည့်ရတဲ့ အခိုက်အတန့်ကို ကျနော်ချစ်ခဲ့ဖူးပါသည်၊ တိမ်တွေရောင်စုံနဲ့ နေ၀င်တဲ့အလှကို ကျနော်မက်မောခဲ့ဖူးပါသည် ပငိလယ်နားကလူမို့ လဆန်း တစ်ရက် နှစ်ရက်တွေမှာ ဒီရေတက်ချိန်တွေမှာ လှိုင်းခေါင်းဖြူတွေက ကမ်းကိုတိုက်ပြီးရေအ၀င် ငှက်ဇင်ယော်ကအလိုက်သင့်လှိုင်းစီး နေမင်းကြီးက တောင်စွယ်အ၀င် အနောက်မြောက်လေက အေးနေအောင်တိုက် ပင်လယ်က ရောင်စုံဖြစ်နေတဲ့အခိုက်ကို တရှိုက်မက်မက် ကျနော်ချစ်ခဲ့ဖူးပါ၏် ထိုသို့တွယ်တာခဲ့ဖူးချိန်က ကျနော် တိမ်မဲညိုတို့ကို မုန်းခဲ့ဖူးပါသည်၊ သူတို့ ကြောင့် ကျနော်ချစ်သော ရောင်စုံတိမ်တို့ပျယ်လွင့်ကွယ်ပျောက်ခဲ့ရသည်၊ တိမ်မဲညိုတို့လာသည်နှင့် လေပြေတို့သည် လေးရိုင်း၊ လှိုင်းကြက်ခွပ်လေးတို့သည် ကြောက်မက်ဖွယ်လှိုင်းလုံးကြီင်္းများအဖြစ်သို့ တခဏခြင်း ပြောင်းလွဲသွားတတ်ကြသည်၊ ငြိမ်သက်နေတဲ့ပင်လယ်ပြင်က ၀ုန်းဒိုင်းကြဲနေတဲ့ အမူးသမားတစ်ယောက်လို ယိမ်းထိုးလှုပ်ရှားလာတတ်ပြန်သည်၊ သည်လိုအချိန်မျိုးမှာ နေကွယ် လပျောက် တိမ်မှောက်ပြီးမှောင်နေတာကိုကျနော်မကြိုက်…သို့သော် အခုကျနော်သည် တစ်ခါတုံးက မုန်းခဲ့ဖူးသော တိမ်မဲညိုကို တမ်းတနေပါသည်။

လာမနိုးနိုးနဲ့ကျနော်အနောက်ဘက်ကိုမျှော်သည်တိမ်တွေဖြူနေတုံး၊အရှေ့ဘက်ကိုကြည့်ည် ကောင်းကင်ကြီးကပြာနေတုံး၊တစ်ချိန်တုံးကကျနော်မက်မောစွာငေးမောကြည့်ခဲ့ဖူးသော ကောင်းကင်ပြာကိုကျနော်မျက်နာလွဲပြီး တောင်ဘက်ဆီလှမ်းကြည့်ပြန်တော့ ဘော်ငွေရောင် အနားကွပ်နဲ့ တိမ်တွေတောက်နေတုံးပါလားဟယ်… ဟူး..ဘယ်ရောက်နေလဲ တိမ်မဲညို..လူတွေငိုတာမကြားရော့ထင့်။

လာချိန်တန်ပါလျှက် အိမ်ပြန်မရောက်တဲ့ သားကိုမျှော်နေသလို လူတွေနင့်ကိုမျှော်ကြတယ် တချို့ကလည်း အပြစ်တွေပြောကြတယ် တကယ်တော့နင့်အပြစ်လည်းမဟုတ် ငါတို့ရဲ့ အတောမသတ်နိုင်တဲ့လောဘက နင့်ကိုအိမ်ကလိုက်ထုတ်ပစ်သလိုဖြစ်နေတာကိုး နင့်အဖေါ်တွေဖြစ်တဲ့ အစိမ်ရောင်တောတွေကို ငါတို့က မျိုးတုံးပြီး အရောင်ပြောင်းခဲ့ကြတာလည်းပါတယ် ပြီးတော့ နင့်အိမ်ပြန်လာတာကိုကြိုဖို့ ဂုဏ်သိက္ခာရှိတဲ့
နင့်ကို ပြန်ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရားက ငါတို့မှာမရှိဘဲ နင်ထင်ရာစိုင်းပြီပေါ့ လာချင်လာမယ် မလာချင်မလာဘူး..နင့်သဘောပေါ့လေ။ ဆင်ကိုနိုင်ဖို့ချွှန်းရှိရမယ်ဆိုတာကို ငါတို့သိပေမဲ့ နင့်ကိုနိုင်ဖို့ သီလရှိရမဲ့အစား တဏှာတွေကိုကြီးသထက်ကြီးအောင် ငါတို့မွေးမြူခဲ့ကြတာကိုးလေ။

လာခဲ့ပါတော့ တိမ်မဲညို။ လောဘကို အတောမသတ်နိုင်တဲ့ ငါ့လိုလူတွေကို နင်မကျေနပ်ရင်လည်းရှိပါစေတော့လေ၊ ဘာမှမသိအပြစ်ကင်းတဲ့ လူသေးသေးလေးတွေအတွက် နင်ပြန်လာပေးပါ။ ကောင်းကင်ကျောခိုင်း နားထိုင်းပြီးနေတဲ့ သက်ကြီးသူတွေအတွက်ပြန်လာပါ၊ မြေကြီးမှာနွားလိုရုံး ပြီးငါတို့စားမဲ့စပါးကို စိုက်နေတဲ့ ကျေးဇူးရှင်ကြီးများအတွက် ပြန်လာပါ။

တိမ်မဲညိုလာခါမှ ရွာချမဲ့မိုးကိုမျှော်ရင်း…အကျင့်ဖျင်းသထက်ဖျင်းလာတဲ့ ငါ့ကိုယ်ငါမုန်းတယ်။

အတောမသတ်နိုင်တဲ့ လောဘကိုရင်မှာပိုက်ပြီး အစိမ်ရောင်ကွင်းပြင်ကို အရောင်ပြောင်းမိတဲ့ ငါ့ကိုငါလည်းမုန်းတယ်။

ငြိမ်းချမ်းကြပါစေ

ဥပသကာ

Friday, May 7, 2010

ကျနော်ပြောချင်တဲ့ဗေဒင်အကြောင်း (၁)

ကျနော်ဒီအကြောင်းရေးချင်နေတာကြာပါပြီ ဒါပေမဲ့စိတ်ထဲချီတုံချတုံဖြစ်နေတာမို့ အခုမှပဲရေးဖြစ်တယ် ဒါတွေကိုသိသင့်တယ်လို့ လည်းထင်တယ် ယုံတာမယုံတာတော့ ပုဂ္ဂလိကဆုံးဖြတ်ချက်မို့ ကိုသန်သလိုပဲဆုံးဖြတ်တာကောင်းပါတယ် ။

ကျနော်ပြောချင်တာက ဗေဒင်အကြောင်း နည်းနည်းပါးပါး ပြောချင်တာပါ မြန်မာပြည်မှာ နှစ်ပေါင်းရာချီပြီး တည်လာခဲ့တဲ့ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာရပ်ထဲက ကိန်းတစ်ခုအကြောင်းပါ အင်မတန်ကျယ်ပြန့်တဲ့ဒီအင်္ဂ၀ိဇ္ဇာဗေဒင်ပညာရပ်ကြီးကိုကျနော်မတောက်တခေါက်လေ့လာသင်ယူခဲ့ဖူးပါတယ် အခုထိလည်းသင်နေဆဲပါ၊

အစကတော့မယုံ မယုံတာကမှ လုံးဝကိုမယုံခဲ့တာပါ၊ဒါပေမဲ့ ကျနော် အင်္ဂ၀ိဇ္ဇာ ဆန်းကျမ်း မဟာဘုတ် အစရှိတဲ့ လက်ဆန်းပညာရပ်များနဲ့ ငယ်ကတည်းကရင်းနှီးခဲ့ တယ် ဘာလို့လဲဆိုတော့ ကျနော့်အဖိုးကိုယ်တိုင်က ဒီပညာရပ်တွေကို ကျွှမ်းကျင်တဲ့ပညာရှင်ဖြစ်နေလို့ပါပဲ ဒါပေမဲ့ ကျနော်စိတ်မ၀်စားခဲ့ပါ အဖိုးလည်းသည်ပညာနဲ့ အသက်မမွေးခဲ့ပါ ဘယ်လ်ုပဲဖြစ်ဖြစ် ရပ်ကွက်ထဲကလူတွေ တခြားမြို့ရွာကလူတွေ တိုက်ဆိုင်ပြီးသူ့ဆီရောက်လာရင်တော့ ဟောပြော စီရင်ပေးတာတွေကိုတော့ ကျနော်တွေ့နေကြ ၊ ဧည့်သည်ရောက်လာပြီဆိုရင် လုပ်လက်စအလုပ်လေးနားပြီး အိမ်ဦးခန်းသွား ဘုရားဝတ်ပြုပြီး ကွမ်းတရိုးဝါး နောက်တော့ ကျေက်သင်ပုံးတစ်ချပ်ပေါ် ကျောက်တံနဲကချတွက်… ကိန်းခမ်းတွေအတိုင်းပြောလိုက်တာပဲ၊ အဲ..ညဘက်လာမေးသူတွေကျတော့ အဖိုးဘာမှမတွက် ကောင်းကင်ကကြယ်တွေကို ကြည့်ပြီးပြောတယ် တစ်ခါတလေနိမိတ်ကောက်ပြီး ပြောတယ်လို့ အဖိုးပြန်ပြောပြတော့ ကျနော်ကြားခဲ့မြင်ခဲ့ဖူးတယ်ဆိုတော့ ကျနော်ဒီပညာတွေနဲ့ရင်းနှီးခဲ့တယ်ဆိုပါတော့၊ အဖိုးဆုံးတော့ ပေပုရပိုဒ်တွေ ၊ကျမ်းစာတွေ၊ ကျန်ခဲ့တာ မနည်းဘူးဗျ၊ ဗီရိုကြီးသုံးလုံစာ ပါ၊ ကျနော်ငယ်တုံးကတော့ ဒီအထဲကစာတွေကိုဘယ်ဖတ်နိုင်မလဲ ဒီတော့အဖိုးတန်မတန်ကျနော်မသိ အဲဒီမသိမှုဒဏ်ကိုခံလိုက်ရတာကတော့ ကျနော်တို့မဟုတ်ပဲ ဒီကျမ်းတွေကိုတလွဲသုံးခဲ့တဲ့ ကျနော်ဦးလေးနဲ့ မိသားစုပါ ..သေချာအောင်ပြောရရင်တော့၊ကျနော့်ဦးလေးရဲ့သားစဉ်မြေးဆက်အခုထက်ထိဒီဒဏ်တွေကို
ခံစားနေရတုံးပါ ကျနော့်အဖေကတော့ပြောတယ် ဒါကိုကျမ်းစူးတာတဲ့၊ဒီအကြောင်းကိုပြန်ရေးပြရင်၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဆိုပေမဲ့ ကျနော်ရေးပြမှာပါ၊ အခုတော့ ကျနော်ဗေဒင်အကြောင်းနည်းနည်း ပြောချင်လို့ ခုနကစကားကိုပဲ ပြန်ဆက်ရမှာပါ့။

ဒါကတော့ ဗေဒင်ကိုဝါသနာပါသူတိုင်း သိနေပြီးသားဖြစ်တဲ့ စောလှ- လှေဆန်ဆိုတဲ့ ကိန်းတခုအကြောင်းပါ..ဒီကိန်းကို ရှေးကပညာရှင်ကြီးတွေက ရှောင်ဖို့သတ်မှတ်ထားပေးခဲ့ကြတယ် ကျနော်စသိတာက ဆရာဦးမောင်မောင်သန်းရဲ့ ဆောင်းပါးတွေဖတ်ရလို့ပါ..ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမျှစေသား) ရဲ့ ကျေးဇူးဟာ
မြန်ဗေဒင်လောကအတွက်အရေးကြီးပါတယ်..ဒါကကျနော့်အမြင်ပေါ့လေ..နောက်တယောက်က ဆရာဒဂုံ ၊ နောက်တစ်ဦးက ဆရာကြီးရန်ကုန်ကျော်ရင် တို့ ပါ မြန်မာ့လက်ဆန်းပညာရပ်တွေအတွက် အများကြီး အပင်ပန်းခံခဲ့ကြတယ် ဆရာဦးမောင်မောင်ကြည်လည်း ကျေးဇူးများပါတယ်..ဒါက စကားကြုံလို့ ကျေးဇူးရှိသူကို ကျေးဇူးရှိသူလို့ ပြောတာပါ၊။

ခုနကစကားစကိုပြန်ကောက်ရရင်..ကျနော်ပြောခဲ့သလိုပေါ့ စောလှလှေဆန် ကိန်းဆိုတာအမတန်မှ ဒုက္ခပေးတတ်တဲ့ကိန်းတစ်ခုဖြစ်တာကိုပါ ဒီကိန်းရဲ့ အထိန်းအလကာင်္ာကို အင်္ဂ၀ိဇ္ဇာကိုးစောင်တွဲကျမ်း စာမျက်နာ (၅၀) မှာအဲလိုတွေ့ရတယ်

စောလှ-လှေဆန်၊ လူမြန်မင်းလွတ်၊ ပူသွပ်သေဖွယ်၊ သက်နယ် တူသော်၊ အငူကုန်းအင်း၊ ကြည်ညိုဆင်းကး ကျမ်းရင်းဝိဇ္ဇာ တနည်းမှာသည်၊ ရှောင်ခွာ သစ်၊နံ၊ မြှို၊ရွာတည်း။

ဆိုလိုတာက တနင်္ဂနွေနာမယ်ရှင်တွေ၊နေ့သားတွေဟာ၊ သူ့ရဲ့ တြိရန်းလို့ခေါ်တဲ့ အဂ်ါ နံ စတုန်းရန်းလို့ခေါ်တဲ့ ဗုဒ္ဓဟူးနံ အဲဒီနှစ်ခုပေါင်းတဲ့ အဂ်ါ+ေုဒ္ဓဟူး အတွဲဖြစ်တဲ့ လူနာမယ် မြို့ရွာ
တွေကို မပေါင်းသင့်၊အိမ်ထောက်မဘက်သင့်၊စပ်တူမလုပ်သင့် လို့ ဆိုလိုတာပါ။

တနလာင်္..နာမယ်ရှင်တွေ၊ တနလ်ာသားသမီးတွေ က ဗုဒ္ဓဟူး+ ကြာသပတေး အတွဲလိုက်ပေါ့

ဝင်းမောင်၊မိုးမိုးဝင်း၊လှိုင်လှိုင်မြင့် အဲလိုနာမယ်မျိုးတွေ မင်းလှလို အရပ်ဒေသတွေကို ရှောင်ထားပေါ့..ဒါပေမဲ့ ရပ်စောက်မှာနေတဲ့ တနင်္ဂနွေနာမယ်ရှင်တွေဘာမှ မဖြစ်ဘူးဆိုပြီးငြင်းရင် အဲဒီ ရပ်စောက်မှာနေတဲ့တနင်္ဂနွေနာမယ်ရှင်တွေ ဇလွန်မှာသွားပြီးစီပွားရှာကြည့်ပါလား..မယုံရင်စမ်းကြည့်ပါ။

အဲလိုပြောတာ ရိုင်းနေရင်ခွင့်လွတ်ပါ၊ ကျနော့်အတွက်ဒီကိန်းက ကိုယ်တွေ့တွေများလွန်းလို့ပါ
အနီးစပ်ဆုံး ကျနော်းမိခင်ကြီးက တနင်္လလာသမီး တနင်္လာနာမယ်ရှင် ကျနော့်ဖခင်ကြီးက ဦးလှမြင့်ပါ ဒါခုနက ကျနော် ပြောခဲ့တဲ့ လူမြန်မင်းလွတ် ကိန်းထဲက လူမြန်ကိန်းပါ ကျနော့်အမေရဲ့ မဟာဘုတ်က (၁)ခုကြွင်းမဟာဘုတ်မှာ ဒီအတွဲက (၅+၄) တွဲက ပက္ခ ကိန်းမိပြီးပျက်နေတာကိုတွေ့ရတယ်၊ ဘယ်လောက်အမေရုံးခဲ့ရတယ်ဆိုတာ ကျနော်တို့ အသိဆုံးပါ၊ နောက်တယောက်က ကျနော့်အဒေါ်အရင်းခေါက်ခေါက် ကြာသပတေးသမီး ကြာသပတေးနာမည်ရှင်၊သူ့ အိမ်ထောင်ဘက်က စနေနဲ့ တနဂ်နွေပေါင်းထားတဲ့နာမည်တွဲပါ
တော်အံ့ အတူဆိုတဲ့ကိန်းထဲက အတူဆိုတဲ့ကိန်းပါ ကြာသပတေးနာမယ်ရှင်ဖြစ်တဲ့ကျနော့်အဒေါ်က အောင်ထွန်းဆိုတဲ့ တနင်္ဂနွေ+စနေတွဲကို အိမ်ထောင်လည်းဘက်မိရော အစကမသောက်တတ်တဲ့ ကိုအောင်ထွန်း အိမ်ထောင်ကျပြီးတစ်လလောက်ကတည်းက ဗွေဖေါက်ပြီး သောက်လိုက်တဲ့ အရက် ရိုက်လိုက်တဲ့ဖဲ ၊ဖဲတင်မက ကျနော့်အဒေါ်ပါအရိုက်ခံထိတာ နောက်ဆုံးသေတဲ့အထိပါပဲ ကျနော့်အက ခုနှစ်ကြွင်းမဟာဘုတ်သမားပါ မဟာဘုတ်မှာလဲ ဒီ စနေနဲ့ တနင်္ဂနွေက အောက်တန်းခိုပြီးပျက်နေတဲ့ဂြိုလ်တွေ..နောက်ကိုယ်တွေ့ရေ ပြောရရင်တော့ အများကြီးပါ။

ဒီတော့ အဲလို စောလှ- လှေဆန်ကိန်းဆိုရင် ဝေးဝေးကရှောင်နိုင်ဖို့ ပြောချင်တာပါ..အဲစမ်းကြည့်ချင်သူများကတော့ စမ်းနိုင်ပါတယ်။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ

Wednesday, February 17, 2010

ခြားနားခြင်းများ

အချိန်မကျခင်နိုးခဲ့တဲ့သစ္စာပန်းက
စင်ပေါ်မရောက်
လမ်းပေါ်က ကောက်ခဲ့ရတယ်။

ကဗျာကောက်ရတဲ့ညက
လပျောက်တယ်
ကြယ်မှောက်တယ်
မှောင်မဲမဲမှာခွေးဟောင်တယ်။

ငါကျပျောက်တဲ့နေ့က
မာယာမင်းကို
မျက်လုံးမှိတ်ပြီး မြင်လိုက်တယ်။

ဪ…နေ့ခင်းက ရွက်ဝါတွေကြွေတဲ့လမ်းမှာ
နှင်ဆီးတွေခင်းထားတာတွေ့ ပါသေးရဲ့
အခု
ရေ…တွေစီးပြန်ပကောလေ။

Monday, January 18, 2010

တွေးမိနေတဲ့ အတွေးများ (၃)

တစ်ခါတစ်လေ စိတ်ကအတိတ်ကို ပြန်သွားတယ် အတိတ်ကိုလည်းမပြန်နဲ့ အနာဂတ်ကိုလည်း မကြံနဲ့ ဆိုတဲ့စကားကို ကျနော်နားမထောင် ပစ္စုပန်ကိုပဲတသိထဲသိပြီး နေနိုင်အောင် ကျနော်မလုပ်နိုင်သေး မနေနိုင်သေး သေချာအောင်ပြောရမယ်ဆိုရင်တော့ ကျနော်မနေတတ်သေးပါ ပစ္စုပန်ကိုတည့်တည့်ကြည်နိုင်တဲ့ သတိကလည်းအရမ်းကိုအားနည်း နေသေးတယ်လေ၊ ဒီတော့ စိတ်က တောင်ရောက်လိုက် မြောက်လာလိုက် ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်လိုက် ပြန်တည့်လိုက် မကောင်းမှုကိုကြံလိုက် ကောင်းမှုကိုတွေးလိုက် လေနဲ့
အတိုက်ခံရတဲ့ တိမ်တိုက်လိုပဲ လေစီမံရာ နာခံနေလိုက်ရတဲ့ လေလိုက်တိမ် တွေလိုပါပဲလေ၊ ကောင်းကင်ကျယ်တစ်နံတစ်လျား လေထားရာနေ လေစေရာသွား လေတွေအစားခံနေရတဲ့ လေလိုက်တိမ်လေ။

တိမ်တွေကိုပြောပြီး တိမ်နဲ့တူတဲ့စိတ် ကိလေသာခိုင်းရာ လိုက်ပြီးတော့လုပ် အဟုတ်ထင်ပြီးနေ မာန်တွေတက်ပြီးနေ သံဝေဂဆိုတာ ရောင်ပြီးတောင်မလာ အိုနာသေစကား အနားလာမပြောနဲ့ ငါကအသက်တစ်ထောင် ရှည်မဲ့လူလို့ထင်မှတ်မိနေတုံးပါ။

ကျနော်ငယ်တုံးကပေါ့ ကျနော့်လက်ဦးဆရာ ဦးလှဋ္ဌေးနဲ့ ကျနော် ဆရာတော်ကြီး ဦဇာဂရ ကိုအဖူးရောက်တော့ ဆရာတော်ကြီးမိန့်တာကို ရင်ထဲရောက်အောင်မှတ်ခဲ့တယ် နောက်တော့ ဆရာတော်ကြီးရဲ့ အနောက်မှာကျနော် အမြဲပါခဲ့ရတယ် ဘယ်သွားသွားပေါ့လေ ပြောလက်စ စကားကိုပြန်ကောက် ရရင်တော့..အဲလိုဖူးနေတုံးမှာပဲ..

“ ဒကာကြီးတို့ရေ အခုက၀ိမုတ္တိခောတ်ဆိုပေမဲ့ ကာလကပျက်ချိန်၊ အခါပျက်ချိန်ပေါ့ကွယ်၊တကယ်ကောင်းတယ် ဆိုတာက ခေတ်ရောအခါပါကောင်းမှဟ၊ဒီတော့ ၀ိပဿနာ တရားကြီးက အရမ်းကိုပျံ့နှံ့လာနေတယ်၊ ဒါကိုတချို့က သေနည်းသင်တန်းတရား လို့အမည်တပ်နေကြတယ်၊ဒါ တခြမ်းပဲရှိသေးတယ် တကယ်က ၀ိပဿနာတရားတော် ဟာ နေနည်းကိုပါ သင်ပေးတာပါ။ ဒီတော့ နေနည်းကို အရင်သင် နေနည်းတတ်မှ သေနည်းတတ်မယ် မဟုတ်ရင် မလွယ်ဘူး နေလို့တောင်မတတ်တဲ့ လူဟာ ဘယ်တော့မှသေလို့မတတ်ဘူး’

ဟုတ်ပါတယ် ကျနော့်ဘ၀တလျှောက်လုံးမှာ ကျနော်ဟာနေတတ်အောင်အရင် အားထုတ်ခဲ့ရတာပါ ဖြစ်သလိုနေ ဖြစ်သလိုစားရင်တော့ သေချာတာက ဖြစ်သလိုသေသွားမှာပါ ဥပမာကျနော်မြင်တာလေးတွေ ပြောမယ် တရားစခန်းတွေ ရိပ်သာတွေ ၀င်ကြတယ် တချို့များနာမယ်ကြီးတဲ့ဆရာတော်တွေ ဖွင့်တဲ့တရားစခန်း တိုင်းကို အချိန်ကုန် ငွေကုန်ခံပြီးသွား ပြန်လာတော့ ထုးံစံအတိုင်း မပြောင်းလဲဘူး။ မော်နေတုံး ပျော်နေတုံး ပြီးတော့ လောဘဒီရေတွေ တက်နေတုံး လေ၊ဲလောကဒဏ် လို့ပြောရမဲ့ လောကဓံက အလှည့်ကျ ကံနိမ့်ချိန်ကျတော့ ဘုန်းမီးနေလ မတောက်နိုင်တဲ့အချိန် တွေရောက်လာတော့ ငိုချင်းရှည်ကြီးတွေ သောကပန်းတွေကို ခေါင်းမှာပန်ပြီးနေယုံ တင်မက အရပ်ချပြပြီး အရူးတစ်ပိုင်းဖြစ်လာခဲ့ကြတာတွေကိုတွေ့ရဖန် များလာတော့ နေနည်းဟာ အရေးပိုကြီးလာတယ်လို့ သိမြင်လာတယ်။ ဒီလိုနေနည်းအကြောင်းတွေးနေမိရင်းက ဆရာနေ ၀င်းမြင့်ရဲ့ အေးအေးလူလူအတွေးများထဲက ဘကြီးညိုကို သတိရလာတယ် ။

ဘကြီးညိုက ရေကိုပဲအိမ်လုပ်နေရတယ် ရေနဲ့တက်နဲ့ လောကကိုဖြတ်ကူးရသူဆိုတော့ ရောက်ရာအရပ်မှာ ဘ၀လုပ်နေရသူပေါ့။ တရားဘာဝနာ အားထုတ်ဖို့ အချိန်ရှိတဲ့အခါလည်း ရှိတယ် မရှိတဲ့အခါကျတော့ ဘ၀ထဲမှာပဲ တရားရှာရတယ်။ ဆိုပါတော့ ကျုပ်တို့လှေသူကြီးများဟာ အခါမလပ် ၀ိရိယကို စိုက်ထုတ်ပြီး ကျက်စားသွားလာ နေရသလိုပဲ ယောဂီရဟန်းများဟာ အခါမလပ်သင့်တင့်တဲ့နှလုံးသွင်းမှု ယောနိသောမနသီကာယ ရှိကြရတယ်။ လှေသူကြီးများဟာ ရေရဲ့သဘာဝအခြေနေ ကောင်းမကောင်းကို သိရသလိုပဲ၊ ယောဂီရဟန်းများဟာလည်း ကောင်းမကောင်း ကုသိုလ် အကုသိုလ် ခွဲခြားသိရတယ်၊လှေသူကြီးများဟာ လှေထဲမှာ အခွင့်မရှိတဲ့အရာ မကိုင်မထိစေရ သလိုပဲ ယောဂီရဟန်းများဟာ ယုတ်ညံ့တဲ့အကုသိုလ်စိတ်ကို မထိကိုင်စေရဘူး။ ကာမ၀ိတက်၊ဗျာပါဒ၀ိတက်၊ ၀ိဟိံသ၀ိတက်စတဲ့ အကုသိုလ် အကြံစည်က ကင်းကြရတယ်။

အခုကျနော်ပြန်ပြောပြတာ ဘကြီးညိုရဲ့အတွေး ဆရာနေ၀င်းမြင့်ရဲ့စာပါ၊ ကျနော်တို့ဘ၀တွေကို ဖြတ်သန်းနေတယ် ဘာနဲ့ဖြတ်သန်းနေလဲ ယုတ်စွာဆုံး ပိုက်ဆံအပေး အယူတဲ့ နေရာမှာတောင် ကိုယ်က အသစ်ကလေးပဲလိုချင်ပြီး သူများကြတော့ ဟောင်းနွမ်းစုတ်ပြတ် နေတဲ့ဟာကိုပဲ ပေးချင်ကြတာလေ၊ အတ္တသတ်တဲ့နေရာ တရားစခန်းရိပ်သာ သွားတာတောင်မှပဲ ငါကယောဂီဟောင်း သူကအသစ် ဒီတော့ငါပြောတာ သူကနာခံရမယ်တဲ့၊ တွေ့ဖူးတာလေးပြောရဦးမယ် လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလကပေါ့လေ ဈေးကြီးထဲလူလည်ခေါင်မှာ အမေကသမီးကို ပါးရိုက်ပြီး ဆုံးမတာ ကောင်မလေးခမျာ ရှက်လွန်းလို့ အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာ ကံကောင်းပြီး လူမိလို့ တရားချပြီး အရှက်ဖြေရတယ် ဆုံမရတဲ့အကြောင်းအရင်းကတော့’ ညဏ်စဉ်မနာရသေးခင် တရားစခန်းက ထွက်လာလို့တဲ့ဗျာ” ကျော်မကောင်း ကြားမကောင်းတဲ့ အဖြစ်တွေပါ။

တကယ်တော့ မဟာစည်ဆရာတော်ကြီးက တရားအားထုတ်ပြီးတဲ့ ယောဂီများ ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်ကြည့်ဖို့ စေတနာနဲ့ နားလည်ပါစေဆိုပြီး ဟောပြတဲ့တရားကို ညဏ်စဉ်မနာရလို့ ဂုဏ်ပျက်သိက္ခာကျ ရတယ်လို့ ထင်တဲ့သူတွေ ဘယ်လောက်ရှိမှန်း ကျနော်မပြောတတ်တော့ပါ။
မိုးကုတ်ဆရာတော်ကြီးကလည်း သက္ကယဒိဋ္ဌိကို အရင်ဖြုတ်ပါ ဆိုတဲ့ အတန်တန်ဆုံးမနေတဲ့ ကြားထဲက “ ကျုပ်တို့မိုးကုတ်နည်း ဥပနိဿယကမှ ၀ိပဿနာအစစ်၊(………) နည်းက ၀ိပဿနာအတု ဆိုတဲ့ဟောပြောချက်တွေက စပြီး ပြဿနာတက်လာတော့ ကျနော်ဥပသကာ ဟိုစပ်စပ် ဒီစပ်စပ်မှာ စကားစစ်ခင်းပြီး ပြဿနာငြိမ်းခဲ့ဘူးပါတယ်၊ ဒီဆရာတွေလည်း အခုထိတရားပြနေတုံးဆိုပေမဲ့ စကားပြောရော တရားဟောပါဆင်ခြင်နေပါပြီ၊။

အဲလိုဖြစ်ရတာက နေထိုင်ပြောဆိုမတတ်မှုက တရားခံပါ၊ တကယ့်ကို ကိုယ့်အကြောင်းကိုပြန်တွေးတဲ့အခါ မိမိကိုယ်ကိုနိမ့်ချပြီး စဉ်းစားဖို့အရမ်းလိုပါ၊ ဘာမှမဟုတ်သေးတဲ့ သူတွေမို့လို့လဲ အခုချိန်ထိသံသရာကြောမှာ မျှောမဆုံးဖြစ်နေတာပါ၊

ဘာမှမဟုတ်သေးမှန်း သိလာရင်တခြားသူတွေကို လေးစားလာလိမ့်မယ် သူတို့အတွက်တွေးပေးလာလိမ့်မယ် ဝေဘူဆရာတော်ကြီးဆုံး ဆုံးမခဲ့ဘူးသလိုပေါ့ “ နေရာမကျတာကို နေရာကျတယ်လို့ ထင်နေရင်မှားပြီတဲ့ဗျာ”

နေနည်းတွေကိုဘုရားအစရှိတဲ့ သူတော်ကောင်းတွေ တွေသင်ပြခဲ့တယ် သိပြီးတတ်ပြီးသားတွေပါ လိုက်ပြီးကျင့်ကြဖို့လိုတယ် ဘဘဦရွှေအောင်က တိုင်းပြည်ကိုပြောတယ် လူတွေကိုပြောတယ် “တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောင်နှေင်း ဆက်တိုင်းကောင်း၏” ဆိုတဲ့နေည်းပါ။

ကျနော်လေးစားခဲ့ရတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောတယ် “ အတ္တဖြုတ်ကြ..အို…အတ္တဖြုတ်ကြ” တဲ့လေ။


ငြိမ်းချမ်းကြပါစေ

ဥပသကာ

Saturday, January 9, 2010

တွေးမိနေတဲ့အတွေးများ (၂ )

ကျနော် တွေးမိနေတာက စားတဲ့အကြောင်း အစားသောက်အကြောင်းပါ။ မစားသင့် စားသင့်တဲ့ အစားစာတွေ အကြောင်းပေါ့။ တချို့က အစာကို အဟာရအဖြစ်စားတယ်၊ တချို့က မျက်ရည်ကို အစာအဖြစ် စားတယ်၊ တချို့က အသွေးအသားကို စားတယ်၊ ရာဇင်ဝင်တွေ ပုံပြင်တွေထဲမှာ၊ ဘီလူးဆိုတဲ့ သတ္တ၀ါက အသွေးသားကိုစားပြီး နေထိုင် ရှင်သန် နေကြကြောင်းကို ဖတ်ဖူးတယ်။ ဒီတော့ လူတိုင်း ဘီလူးကို ကြောက်တယ်။ မမြင်ဖူးပဲနဲ့ကို ကြောက်တာလေ။ အသွေးအသား စားခံရမှာ စိုးလို့လေ။

“ဒုန်း” ကနဲ့ အသံကြားတာကြောင့် ကျနော် အသံကြားရာဘက်ကို ခပ်သုတ်သုတ် သွားလိုက်မိတယ်။ ပစ္စည်းတွေ သယ်ရတဲ့ အလုပ်သမားအုပ်စုဘက်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတော့၊ ဘာဖြစ်လဲ လှမ်းမေးတော့…။

‘ ဒီမှာ ပေတိုးနယ်..ခြေဖမိုးပေါ် ဆီပေပါဖိလို့ပါ အစ်ကို” ဆိုတဲ့စကားကြောင့်၊ ကျနော့်ရင် ထိတ်ကနဲ ဖြစ်သွားပြီး လူအုပ်ထဲ ကပျာကယာ လှမ်းကြည့်လိုက်တော့၊ ပေတိုးခြေဖမိုးက ကားအကြိတ်ခံရတဲ့ ဖားတစ်ကောင်လို ပြားချပ်နေပြီ။ အရိုးတွေ ကြေသွားမှန်း ကျနော်သိလိုက်တော့၊ ဆေးရုံပိုဖို့ပြင်ရသည်။ နောင့်နှေးနေလို့ မရ။ ကျနော်တို့ ဆီမှာ ဆေးရုံမှာရှိတဲ့၊ အရေးပေါ်လူနာတင်ကားက၊ ဆရာဝန်ကြီးတွေ အရေးပေါ် အမြဲလိုလို သွားနေကြတာမို့ ဖုန်းဆက်လည်း မထူးမှန်းသိနေသည်။ တစ်ခါတစ်လေ အရေးကြီးသော လူနာတွေ တင်ရတယ်လေ။ ဒီတော့ နီးရာ တက္ကဆီတစ်စီးကိုခေါ်ပြီး ဆေးရုံသွာကြရတယ်ဗျ။

အဲလိုသွားဖို့ လုပ်နေတုန်းမှာပဲ၊ ပါဆယ်ထုတ်တဲ့ ဋ္ဌါနမှာ အလုပ်လုပ်နေတဲ့ ပေးတိုးအစ်မ မ၀င်းရောက်လာတော့ သူပါ လိုက်မယ်ဆိုပြီး ကားပေါ်တက်ရတယ်၊ သူမောင်လေးကိုကြည့်ပြီး ခမျာငိုနေတာကို ကျနော်မကြည့်ရက်သော်လည်း မျက်လုံးကန်း သူမဟုတ်တော့ မြင်နေရတယ်။ ဒဏ်ရာကြောင့် အမလေး တနေတဲ့ ပေတိုးရဲ့ အသံတွေကိုလည်း ကြားနေရတယ်။ သက်ပြင်းခိုးကိုချရင်း ၊ကျနော်နဲ့ အတူ ပေးတိုးတို့ အုပ်စုထဲက ကလေးသုံးယောက်နဲ့ ကျနော်ပါ ဆေးရုံလိုက်ကြတယ်။

ဆေးရုံရောက်တော့ သက်ဆိုင်ရာ တာဝန်ကျတွေကို အကျိုးကြောင်း ပြောနေရတာက မိနှစ်နှစ်ဆယ်လောက် ကြာတယ်။ အရေးပေါ်အခန်းမှာရှိတဲ့ လူနာကုတင်ပေါ်က ပေတိုးခြေထောက်က သွေးမတတိတ်နိုင်သေး။ ဒါကထုံးစံလိုဖြစ်နေပြီလေ၊၊ ခဏကြာတော့ ကျနော်အလိုက်တသိ ခိုင်းလိုက်တဲ့ မောင်လွင် ပြန်ရောက်လာတယ်။ သူ့လက်ထဲမှာတော့ ကျနော်ဝယ်ခိုင်းလိုက်တဲ့ ငမန်းဘူးအချိုရည် တစ်ဒါဇင်၊

“ကဲညီရေ ဆရာမတွေအခန်းထဲ ပို့လိုက်နော်” ကြားအောင် တမင်ပြောရသေးတယ်။ တာဝန်ကျတွေက ပင်ပန်းနေမှာစိုးလို့ပါ။ မေးလက်စရပ်သွားတော့ ပေတိုးကို အာရုံပိုစိုက်လာကြတယ်၊ မ၀င်းက ငိုနေတာကလွဲပြီး ဘာမှမပြောတတ်။ မပြောတတ်တာလား၊ မပြောချင်တာလား ဆိုတာကိုတော့၊ ကျနော်သေချာမသိ။ အဲလိုတွေးနေမိတုံးမှာပဲ ခါးကြားချိတ်ထားတဲ့၊ ခိုင်းဖုန်းက မြည်လာပြန်တော့၊ ဘာများခိုင်းမလဲဆိုတဲ့ အသံကိုနားထောင်ဖို့ ဖုန်းကိုကိုင်ရပြန်တယ်၊။ ဆက်လာသူက သူဋ္ဌေးတော့မဟုတ်။ မန်နေဂျာ။ ဆက်ရတဲ့အကြောင်းက ကိစ္စပြီးရင်အမြန်ပြန်လာဖို့။ ဒီမှာ လုပ်လက်စတွေပြီးအောင်လုပ်ဖို့ ကျနော်မပြန်နိုင်သေး။ ခြေထောက်အခြေနေ မေးရဦးမယ်။ ကျန်တဲ့သူတွေကို ပြန်လွတ်တော့ မ၀င်းက ကျန်ရစ်နေမယ် လို့ပြောပြီး သူ့မောင်လေးအနားမှာ ပြုစုဖို့ စောင့်နေတယ်၊၊ အဲလိုနဲ့ တော်တော်ကြာ တော့ ဆရာဝန်ဆီက အဖြေရတယ်။ အရိုးကြေသွားတယ်ဗျ..အဲဒါစတီးရိုးတွေ အစားသွင်းရမယ်တဲ့။ သေဟဲ့နန္ဒိယ လို့ မပြောချင်ပါ။ သေဟဲ့ပေတိုး လို့သာ ပြောလိုက်ချင်တယ်လေ။ မ၀င်းဆီက အသံထွက်ငိုလာမှန်း ကျနော်သိပေမဲ့ ကျနော်နားမချတော့ပါ၊..ဒီလိုနဲ့….။

ညနေဘက်တွေ လုပ်အားခရှင်းတော့၊ လုပ်အားခရှင်းပေးရတဲ့၊ ငွေကိုင်မမ ထွက်လာပြီး

ပေတိုး

ကြည်အောင်၊

မောင်လွင်

စံငွေ

မ၀င်း

တို့ကို လုပ်အားခ ( ) နာရီစာ ဖြတ်တယ် တဲ့လေ။

ကျနော့် နာမည်တော့ မပါ။ ဒါနဲ့ ကျနော်ခေါ်လိုက်တယ် အဲဒီငွေကိုင်မမကို။ ဒီလူတွေက ငါနဲ့ ဆးရုံသွားတဲ့လူတွေဟ ဘာလို့ အဲလိုလုပ်ရတာလဲ လို့မေးတော့၊ ကျမ မသိဘူး အစ်ကို မန်နေဂျာ ပြောတဲ့အတိုင်းပဲ အစ်ကိုရေ…၊ဆိုတော့ ကျနော် မန်နေဂျာကို သွားတွေးပြီးပြောရတယ်။ သူ့အခန်းထဲ ရောက်တော့၊ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတာ တွေ့တယ်။ ကျနော့်ကို မြင်တော့ မေးဆတ်ပြပြီး ထိုင်ဖို့ ပြတော့ သူ့ရှေ့ထိုင်လိုက်တယ်။ ခဏကြာတော့ ကျနော်က ငွေဖြတ်တဲ့ကိစ္စ ပြောတော့၊ ဒါက စည်းကမ်းအရပါဗျာ၊ ညီလေးလည်းသိပါတယ်၊ ဒီလိုမှမလုပ်ရင် ဒီလောက်များတဲ့ လူတွေကို ရေရှည်မှာ ထိန်းချုပ်ရ ခက်မှာပေါ့။ ညီလေးကို မဖြတ်ဘူးလေ၊ ညီလေးက သူဋ္ဌေးကိုယ်တိုင်က ခန့်ထားတော့ ကျနော်မဖြတ်ဘူးလေ၊ နော် လာဗျာ သောက်ကြရအောင် ဆိုပြီး စာရေးမ တစ်ယောက် ယူလာပေးတဲ့ အအေးဗူတွေကို လှမ်းပေးတော့ ကျနော် မသောက်ဖြစ်တော့ပါ။ မချိုပဲ ငံနေတဲ့၊ မူလအရောင်ပျောက်ပြီး နီနေတဲ့ အရာများလို့မြင်နေတယ်၊

မန်နေဂျာဆီက လှမ်းထွက်တော့ အနီးနားမှာရေးထားတဲ့၊ အလုပ်သမား စည်းကမ်းချက်များကို ဖတ်နေမိတယ်ဗျ၊

အလုပ်တစ်ရက် ပျက်လျှင်..လခထဲမှ ကျပ်တစ်သောင်းနှတ်မည်။
တစ်နာရီပျက်လျှင် ကျပ်( ) ဘယ်လောက်နှတ်မည်

အစချီတဲ့ စည်းကမ်းချက်ထဲမှာ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရရလျှင်၊ ဘယ်လိုထောင်ပံ့မည်မပါ။

ဒီစည်းကမ်းတွေကို ကြိုက်ရင်လုပ် မလုပ်ရင်နေတဲ့ဗျာ။ အဲလို ငေးနေမိတုံးမှာပဲ လင့်ခရိုဇာအနက်ရောင်တစ်စီး အလုပ်ဝင်းထဲ မောင်းဝင်လာပြီး ကျနော်ရပ်နေတဲ့နား ရပ်သွားတယ်။ ပြီးတော့ တံခါးဖွင့်ပြီး ကျနော့်ကို လှမ်းပြောတာက ဟေ့ကောင်ကြီး.. ငါနဲ့တူညစာ..စားပြီးမှပြန်၊ ဒီနေ့ငါတို့…….ဟိုတယ်မှာ ဒင်နာရှိတယ်၊ မင်းလိုက်ခဲ့တဲ့လေ။

ကျနော့်မျက်လုံးထဲမှာ..ပေတိုးကိုမြင်တယ်၊ မ၀င်းကိုမြင်တယ်၊ ပြီးတော့ တဲသာသာအိမ်ထဲက မိသားစုတွေမြင်တယ်။ ညစာစားမှ ဒီအကြောင်း ပြောရမှာလေ။ မဟုတ်ရင်တော့၊ ကျနော်စားတဲ့အစာဟာ…။

ဪ..သူဋ္ဌေးက၊ ကျနော့်နဲ့ ငယ်သူငယ်ချင်းပါလေ။.

ငြိမ်းချမ်းကြပါစေ

ဥပဿကာ

Tuesday, January 5, 2010

တွေးမိနေတဲ့ အတွေးများ (၁)

ဘသာရေးကို ဘာဖြစ်လို့ဇောင်းပေးပြီး ရေးလဲလို့ သူငယ်ချင်းတစ်ယောက်က မေးလာတော့ ကျနော်အဖြေရ ခက်တယ်လေ၊ ကျနော်က ဘာသာရေးကို စိတ်ဝင်စားတာလား အမှန်တရားကို သိချင်တာ လားလို့ အကြိမ်ပေါင်းများစွာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖူး ပါတယ်၊ ကျနော်က အမှန်ကိုသိချင်သူ၊ သစ္စာတရားကို သိချင်သူ၊ လောကသစ္စာကိုပဲ ဖြစ်ဖြစ်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော လောကုတ္တရာ သစ္စာမဂ်ပညာကိုပဲဖြစ်ဖြစ် သိချင်သူ။ ဒီတော့ တတ်နိုင်သမျှ ရှာတယ်၊ လက်လှမ်းမီနိုင်သလောက် ရှာနေတယ်။ တရားဆိုတာ ကျင့်မှရတယ် လို့ဆုံးမခဲ့ဖူးတာ သတိရတယ်။ နေ့စဉ်ဘ၀ထဲကနေ သစ္စာရှာပါ၊ လို့ ဆရာတော်များ ဆုံးမခဲ့တာ ကိုတွေးမိတယ်။ မလွယ်ပါ..ကျနော့် အဖို့ ခက်သည်။ ကျနော် နေတတ်၊စားတတ်၊ ပြောတတ်အောင် သင်နေပါသည်။ သေတတ်ဖို့..အင်း သေတတ်ဖို့က အများကြီး လိုသေးသည်ဟုထင်သည်။ လောလောဆယ် နေတတ်၊ စားတတ်၊ ပြောတတ်အောင် ကျနော် လေ့ကျင့်နေရဆဲ၊ သင်ယူနေရဆဲ ဖြစ်သည်။ မစားတတ်လျှင် ဘာစားစား အဆိပ်။ မပြောတတ်လျှင်.. အကုသိုလ်၊ မနေတတ် လျှင်တော့..သေတတ်ဖို့ မလွယ်၊ ရှေးသူတော်ကောင်းတွေအဆုံးအမ မေးခွန်း က ရင်ထဲရောက်လာတယ်၊ နေတတ်ရဲ့ လား၊စားတတ်ရဲ့ လား၊ ပြောတတ်ရဲ့ လား၊ ဆိုတာ ကျနော်အချိန်အကြာကြီး၊ နှစ်အတော်များများ တွေးပြီးစဉ်းစား နေတတ်တော့၊ အခု ရေးရေး သဘောပေါက်လာသည်၊၊ နေနည်း စားနည်း ပြောနည်း နောက်တော့ သေ နည်း.. မလွယ် တကယ်မလွယ်ဟုဆိုချင်၏၊။ မေးစရာက ရှိလာပြန်သည်၊ နေတာစားတာက ဟုတ်ပါပြီ။ မတတ်ရင် အကုသိုလ်ဆိုတာ၊ တရားစကားပြောလည်း အကုသိုလ်လား ဆိုပြီး ကတ်ကတ်သတ်သတ် မေးတာခံရ ဖူးတယ် လေ၊ ဟုတ်ပါတယ် တရာစကား ကိုတောင်မှ ဗုဒ္ဓမတညူ ဘုရားအလိုတော်ကျမဟုတ်ရင် အကုသိုလ်ပါ၊ ဘယ်သူမှ ဘုရားစကားကို ကိုယ်လိုရာတွေးပြီးဖွင့်ဆိုခွင့်မရှိပါဘူး ဘုရားအလိုတော်ကျမကျ ကိုပဲကြည့်ရမှာပါ။ ကျနော်တို့က ဘုရားအလိုတော်ကျမကျ ဘယ်လိုသိနိုင်မလဲ..ဆိုတော့ ပိဋကတ်တော်များ မြန်မာပြန်များနဲ့ ညှိပါ လို့ ပဲပြောရမှာပါ။ ဒီကြားထဲ လာသေးတာက “ ငါတို့ကို စာတွေ့လာမပြောနဲ့ ကိုယ်တွေ့” တရားပဲ လာပြောဆိုတာကို နားထဲမဆံ့အောင် ကြားလာရတယ်။ ဖတ်လာရတယ်။ တရားတော်ပရိယတ္ထိကို မျက်ကွယ်ပြုလိုသော သဘော မျိုးဖြင့်ကား မပြောကောင်းသော စကားဟုသာ ဆိုချင်ပါသည်။
ပရိယတ္ထိသည် သာသနာတော်၏ မူလရေသောက်မြစ်ဟု ဆိုခဲ့ပါလျှက် စာမလို ဟုပြောသော စကားသည် ဘုရားစကားတော်ကို ပယ်သောစကားဖြစ်သည်။ သာသနာသုံးရပ် ဟုဆိုပါသည်။ ထိုကြောင့် တစ်ခုကိုမျှပယ်ရန် မဖြစ်နိုင်ပါ။ ထိုပရိယတ္ထိကို ဆရာတင်ကာ အလုပ်ခွင်ဝင်ရပါသည်။ ပဋိပတ် အလုပ်ခွင်မှ ပဋိဝေဓ တည်း ဟူသော အသီးအပွင့်ကို ရရှိခံစား ရနိုင်ကြသောကြောင့် မိမိလုပ်သော အလုပ်၊ အကျင့်မြတ်သည် ပရိယတ္ထိစာနဲ့ အံချော်လွဲနေပါမူ စာကားမမှား မိမိမှားသည်ဟုသာဆုံး ဖြတ်ရပါမည်။
ပဋိပတ်ဋိအလုပ်ခွင်ထဲ အလွန်အသုံးတည့်သော ဝေဘူဆရာတော်ကြီး၏ အဆုံးအမကို ကြားဖူး၊ နာဖူးသူများ ရှိပြီးသော်လည်း ပြန်အမှတ်ရမိအောင် ပြောရပြန်သော် “ငါတို့တရားက လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်းတရားပါ၊ ဒီတရားက တနာရီလုပ် တစ်နာရီ လောဘ၊ဒေါသ၊မောဟ ကင်းရမယ်၊ လုပ်လေ လောဘ၊ဒေါသ၊မောဟ ကြီးလေဆိုရင် ဒီတရားမှားနေပြီ” လို့ဆုံးမခဲ့ပါတယ်။

မည်သူ့ကိုမျှ စော်ကားလိုသောဆန္ဒ မရှိဘဲ ကျနော်တွေ့ဖူးခဲ့သည့် သောတပန် ဆိုသူ အကြောင်းပြောရမည်ဆိုလျှင်…“ငါ့ကိုဆရာတော်က အရိယာဖြစ်ပြီလို့ ပြောလိုက် တယ် ဒီတော့ ငါအပါယ်လွတ်ပြီ..ငါ့ဘာသာငါ ဘောလုးံပွဲပဲလောင်းလောင်း နွားပွဲပဲလောင်းလောင်း ဘယ်သူမှ လာမပြောနဲ့ ငါ့မှာ အပါယ်ဇာတိမရှိတော့ ဘူး” ဆိုသော နွားပွဲသောတပန်မျိုးလည်း တွေ့ခဲ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်ကို မည်သူမျှ တရားဟော မရတော့ပါ။ သူကပဲ လူတကာကို တရားအားထုတ်ရန် တိုက်တွန်း နေပါတော့သည်။ ဘယ်သူ မှားသနည်း၊ ဘယ်သူ မှန်သနည်း စဉ်းစားစရာ ဖြစ်လာသည်။ နောက် ထပ် အရိယာဆိုပြီး လုပ်ချင်သလိုလုပ်နေသော သူများ အကြောင်းရေးရလျှင် စာအုပ်တစ်အုပ်စာ မကရနိုင်သည်။ မိမိသန္တန် လောဘ ဒေါသ၊ မောဟ မည်မျှကင်းကြောင်း ကို မိမိသာလျှင်အသိဆုံးဖြစ်ပါသည်။ မိမိကိုယ်ကို သေချာ ဆန်းစစ် အားမနာတမ်း ဝေဖန်ဖို့ လိုသည်။ နှိမ့်ချစဉ်စားတတ်ဖို့ လိုပါသည်။

စစ်မှန်သော မြတ်ဗုဒ္ဓ၏ တရားတော်သည် တစ်ခုတည်းသော ဘ၀ငြိမ်းချမ်းရေး လမ်းစဉ်အဖြစ် မြတ်နိုး ယုံကြည်မိသဖြင့် ကျနော်စွမ်း သမျှ ဘာသာရေး အကြောင်းများကိုရေးရခြင်း ဟု ၀န်ခံစကားဆိုရင်း……..။

ဥပသကာ

ငြိမ်းချမ်းကြပါစေ။