Thursday, May 27, 2010

ကျေရာကျေကြောင်း

လပြည့်နေ့…လသာတဲ့လပြည့်နေ့ပေါ့၊ ဟ… လပြည့်နေ့ပဲ လသာမှပေါ့လို့ ပြောရင်တော့ လမသာခဲ့တဲ့ လပြည့်ညတွေကို အမှတ်ရပေးစေချင်ပါတယ်၊ လပြည့်နေ့တိုင်း လသာခဲ့တာမှမဟုတ်ပဲလေ၊ အဲလိုပဲ ဘ၀ဆိုတာလဲ ပုံသေကားချပ်မှမဟုတ်တာ ၊မြင့်လိုက်နိမ့်လိုက် သွားလိုက်ပြန်လိုက်၊ပူလိုက်အေးလိုက် ၊ဆင်းရဲချမ်းသာ တလှည့်စီဖြစ်နေတာလို့ လူတိုင်းသိတယ်၊ သိသမှသိပ်သိ၊ဒါပေမဲ့ ဒဏ်တွေကိုတော့မခံနိုင်ကြဘူး
တချို့က ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး၊ တချို့က ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး၊ အမြင့်ဆုံးကလူ အောက်ဆုံးကို ရောက်ရင် ရူးတော့တာပဲ အနိမ့်ဆုံးကလူတွေ အမြင့်ဆုံးရောက်ရင် မေ့ကြတာပဲ၊ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် လောကနဲ့မကင်းကြသူတိုင်းမှာ၊ လူဆိုပြီးတော့ အမည်နာမခေါ်ဝေါ်သမုတ်နေကြသူတိုင်းမှာ ကျေးဇူးတရားတွေနဲ့ ကင်းပြီးနေကြရတဲ့သူမရှိ ရှေးကလည်းမရှိ ယခုလည်းမရှိ နောင်လည်းမရှိ ၊ကျေးဇူးတရားနဲ့ ကင်းကြသူတွေမရှိကြပေမဲ့ ကျေးဇူးကန်းကြသူများကတော့ အတိတ် ပစ္စုပန် အနာဂတ် ကာလသုံးပါးစလုံးမှာတော့ ရှိနေကြတာပါပဲလေ။

ကျေးဇူးရှိခဲ့ဖူးသူများကို ကျေးဇူးဆပ်ချင်ပေမဲ့ မဆပ်နိုင်သေးတဲ့ သူများအတွက်စကားလက်ဆောင်ပေးချင်တဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်တယ်ဆိုပါတော့၊ အခုတလော ကျနော်ကိုယ်တိုင် လောကဒဏ်လှိုင်းတွေကြားမှာ အားတင်းကူးခပ်နေရတာကြာပါပြီ ၊ဒါပေမဲ့ငြီးနေလို့ဘာထူးမှာလဲ ကိုယ့်ဝန်ကိုယ်ထမ်းနေကြရတဲ့ လူတွေချင်းကိုယ်စီ အခက်ခဲတွေကိုကူညီပေးခဲ့ကြတဲ့ လူအဖြူရောင်တွေရှိလာတယ်၊ ဘယ်တော့မှ သူတပါးအကူအညီကို မယူဘူးလို့ဆုံးဖြတ်ထားတဲ့ကျနော် မယူမနေရအခြေနေတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ၊ ရှက်အားငယ်စွာနဲ့ပဲ လက်ခံနေခဲ့ရတယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ်တွေးမိတာက ငါအစွမ်းစမဲ့ပြီလားဆိုတာပဲ၊တဘက်ကလည်း ပြန်တွေးမိတယ် ဒီကျေးဇူးတွေအတွက် ငါဘာပြန်လုပ်ပေးနိုင်မလဲပေါ့၊ စိတ်ချ..ကူညီတဲ့သူဘက်က ဘာကိုမှမမျှော်လင့်၊ တုံ့ပြန်မှုကိုမျှော်ပြီးကျေးဇူးပြုခြင်းမဟုတ်၊ ဒါကိုသိတော့ကျနော်ပိုရှက်လာတယ်၊ ငါဘာလုပ်ပေးနိုင်မလဲ? တွေးတယ်..တွေးပြီးနေမိတယ်၊ စားဖို့တောင်မှ အနိုင်နိုင်ဖြစ်နေတဲ့ကျနော့် အခြေနေက ဘာမှလုပ်မပေးနိုင်။

အဆင်ပြေလား၊ခလေးကော ကျောင်းအပ်ပြီးလား၊ မပြေရင်ပြော၊ လို့ဆိုလာတော့ပိုအရှက်ရသလို ပျောက်ဆုံးနေတဲ့မေတ္တာတရားကိုပြန်တွေ့လိုက်ရသလိုပဲ၊ ကျနော်အခက်ခဲဖြစ်မှ ရဟန်းလည်းမနေရ၊လူလည်းမနေနိုင်ဆိုသလိုပဲ၊

လူအမှုကဘုန်းကြီးပတ်ဖြစ်ရပုံက တောရဆရာတော်ကြီးပင်မနေနိုင်ဖြစ်ရတယ်၊ဒီကြားထဲ..ဟိုအခက်ဒီအခက်တွေကများ၊ထားတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ်ရှက်ရှက်နဲ့ရေးတဲ့စာပေါ့ဗျာ၊ ဦးဥပသကာ အိမ်စရိတ်လောက်လား အလုပ်ကကကောဘယ်လိုလဲ? ဘာလုပ်ပေးရမလဲလို့ ထပ်မေးလာတော့၊ ကျနော့်အဖြေက ပြေပါတယ်ပေါ့၊ မပြေလည်းပြေရမယ်၊ ကျနော့် ဘက်က ဘာတခုမျှ အကောင်းမလုပ်ပေးဖူးခဲ့ပေမဲ့ သူ့ဘက်ကချည်းဆိုတော့ တဖြည်းဖြည်းနဲ့ လူယုတ်မာစာရင်းဝင်နိုင်တယ်၊

ဘာပြန်လုပ်ပေးနိုင်မလဲ? တွေးရင်း…တန်ခူးလပြည့်နေ့မတိုင်ခင်တစ်နေ့မှာပေါ့ဗျာ။

အမေ့ကိုဆေးခန်း အမှတ်201 မှာတင်ထားဆဲ ကျနော်ပဲလူစောင့်၊ကျနော်ပဲထမင်းချက်၊ ကျနော်ပဲရှာသင့်တာရှာ
ဇာတ်ရုပ်များနဲ့နေတဲ့နေ့၊ အမေအိပ်နေတော့ မဟာဗုဒ္ဓ၀င်ကြီးကိုဖတ်ရင်း ..ဖတ်နေတာကဖွားတော်မူခန်း ..သတိရမိတာက..မယ်တော်မိနတ်သားကို မြတ်စွာဘုရားကျေးဇူးဆပ်တဲ့ဖြစ်စဉ်တော်၊သီတင်းကျွှတ်လပြည့်နေ့ လူ့ပြည်ဆင်း…..

အာ…ဟုတ်ပြီ..ဒါလောလောဆယ်ငါနိုင်တဲ့နည်း..လပြည့်နေ့တိုင်းဘုရားသွား…သန့်ရှင်းရေးကိုသေချာလုပ်၊ ကျေးဇူးရှင်တွေကိုအာရုံပြု ပဋ္ဌာန်းရွှတ်..။ ဘယ်နှစ်ခေါက်ဆိုတော့၊ အချိန်ရရင်၊ငါးခေါက် အချိန်မရရင်းသုံးခေါက်
ပြီးတော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့သူတွေကိုသေချာအမျှဝေ၊ သစ္စာပြု၊ အနည်းဆုံးကျေးဇူးရှင်တွေ အန္တာရာယ်ကင်းလိမ့်မယ်၊ လို့တွေးမိရင်း..ကျနော်လုပ်ဖြစ်တယ်။

ကနေ့လည်း..နယုန်လပြည့်နေ့၊ မဟာသမယနေ့ပေါ့လေ၊၊ နဂါးရစ်တောင်ဘုရားကိသွားပြီး ကျေးဇူးရှင်မွေးမိခင်ကြီးနဲ့တကွ..ကျေးဇူးပြုဖူသူအပေါင်းတို့၏ ဂုဏ်ကျေိးဇူးကိုမှန်းပဋ္ဌန်းရွတ် ပြီးတော့မှ ကိုယ့်ကိုတစ်ဆုပ်၊ တစ်လုပ်၊ ပေးကမ်းချီးမြှေက်ထောင်ပံ့ပေးသူ၊ တကြောင်း တစ်ဂါထာ၊စာတစ်လုံးမျှသွန်သင်ပေးသူများ အတွက်တစ်ခေါက်၊

ပြီးတော့ကမ္ဘာမြေကြီးနဲ့ နေမင်းလမင်း မိုးမင်း..တို့ကိုရည်စူးပြီးသံသရာအစဉ်ဆက်ကျေးဇူးပြုခဲ့ပြီးသူများအတွက် တစ်ခေါက်။

နေက်ပြီးတော့ ကိုယ့်ကိုကူညီနေတဲ့ ကျေးဇူးရှင် (နာမယ်) သို့ (နာမယ်များ) ကိုတစ်ဦးချင်းခေါ် ပုံပေါ်အောင်ကြည့်

မောင်းထောင်ဆရာတော်ကြီး မေတ္တာပို့သလိုပေါ့ အလင်းဝန်းထဲထဲ့ပြီးပဋ္ဌန်းပစ္စယနိဒ္ဒေသကို ဖြည်းဖြည်းချင်းရွတ်။

မေတ္တာပို့။

ဒီဗကျးဇူးတွေကိုဆင်ခြင် အောက်မေ့နှလုံးသွင်းနေမိတယ်လေ။

အခုအချိန်မှာတော့ ကျန်ာလုပ်နိုင်တာလေးနဲ့ပဲ ကျေးဇူးဆပ်နေမိတာပါ၊ ဒီထက်မက လုပ်နိုင်သူများဒီထက်ပိုပြီးကျေးဇူးတရားကို ဆပ်နိုင်ကြပါစေလို့ ရိုးသားစွာဆိုရင်း။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ။

3 comments:

မင်းဒင် said...

ကျေးဇူးသိတတ်တယ် ကျေးဇူးဆပ်တယ် ဆိုတာ သူတော်ကောင်းလက္ခဏာပါပဲဗျာ ။ ဘယ်တော့မှ လောကကြီးကို အလျော့မပေးလိုက်ပါနဲ့ ။

ခင်လျက်

မင်းဒင်

ခွန်မြလှိုင် said...

ကိုယ့်ကျေးဇူးရှင်ကို တရားနဲ့ ကျေးဇူးဆပ်တာ အမြတ် ဆုံးလို့ ဘုရားဟောတာ ရှိပြီးသားပဲ အကိုရ.. နောက်ပြီး ကျေးဇူး သိတတ်တဲ့ စိတ် ကျေးဇူးဆပ်ချင် စိတ်နဲ့ ဘုရားတရားမကင်းကွာတဲ့ စိတ်ရှိနေမှတော့ ဒီစိတ်က အမြင့်စား အမြတ်စားပဲလေ.. ဘယ်မှာ သိမ်ဖျင်းလို့ လဲ အကိုရာ...

Younggun said...

လပြည့်နေ့ အခါသမယထူးမှာ ကုသိုလ်တရားနဲ့ မွေ့လျော်ဖြစ်ခဲ့တာ သာဓုခေါ်မိပါတယ်။ ကျွန်တော်တို့ကတော့ အခုထိ မိုက်တုန်းပဲ ဖြစ်နေတယ်ဗျာ။