အမေး။ ။မြတ်စွာဘုရား စကားတော်တွေကို ပြန်ပြောပြတဲ့နေရာမှာ “ မင်း…..ငါ…….ကွ” ဆိုတဲ့ အသုံးအနှုန်းတွေကို မိုးကုတ်ဆရာတော်ကြီး သုံးနှုန်းထားတာ ဖတ်ရပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ဒီလို မသုံးနှုန်းဘူးထင်ပြီး တပည့်တော် စိတ်ထဲ မအီမသာ ဖြစ်မိပါတယ်။ စာစကားကို ရွာနားအရောက်ပို့မယ် ဆိုတဲ့ စေတနာနဲ့ဆိုတော့ သုံးလို့ရပါသလားဘုရား။
အဖြေ။ ။ မေးခွန်းရှင်က ဒီလိုအသုံးအနှုန်းကြောင့် သိပ် ဘ၀င်မကျဖြစ်နေတာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီးပြောရင် တရားစကားပြောရာမှာ သည်လိုအသုံးအနှုန်းမျိုးတွေဟာ ယခင်အတိတ်က ၀ါသနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သန့်ရှင်းတဲ့ စိတ်စေတနာဖြင့် ဒကာ/ဒကာမတို့အား ဟောပြောတာကတော့ အပြစ်မရှိပါဘူး။ (မင်း….ငါ…….ကွ)စတဲ့ အသုံးအနှုန်းကို မဆိုနဲ့ဦး။ မြတ်စွာဘုရားလက်ထက်တော်က ပိလိန္ဒ၀စ္ဆ ဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲ ၊ ရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှ ကို “ဟဲ့..သူယုတ်မာ…..လာလော့၊ ဟဲ့..သူယုတ်မာ…….သွားလော့” (ဧဟိ ၀သလိ……ယာဟိ ၀သလိ) လို့ မြင်သမျှလူတွေကို ပြောဆိုနုတ်ဆက်တော့တာပဲ။ ထိုအကြောင်းကို ကြားရဖန်များတဲ့ ရဟန်းတော်များက မြတ်စွဘုရားအား သွားလျှောက်ပါတယ်။ မြတ်စွာဘုရားက ပိလိန္ဒ၀စ္ဆမထေရ်ကို ခေါ်ပြီး “ချစ်သား….ဒီလို ပြောတယ်ဆိုတာ မှန်ပါသလား” လို့မေးတော်မူသောအခါ မထေရ်က “မှန်ပါတယ်ဘုရား” လို့ လျှောက်ထားပါတယ်။
သို့နှင့် မြတ်စွာဘုရားဟာ ပိလိန္ဒ၀စ္ဆရဲ့ ရှေးကဖြစ်ခဲ့တဲ့ဘ၀တွေကို ပြန်ပြီး ဆင်ခြင်တဲ့အခါ ထိုမထေရ်ဟာ ဘ၀ငါးပတ်လုံး ဗြဟ္မဏအမျိုးမှာ ဖြစ်ပြီး “သူယုတ်မာ” ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ထိုမထေရ်ဟာ စိတ်ထဲဒေါသဖြစ်လို့ မဟုတ်ဘဲ၊ ဘ၀များစွာက ၀ါသနာဘာဂီအရ ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း သိတော်မူတဲ့အခါ “ ချစ်သားရဟန်းတို့……ပိလိန္ဒ၀စ္ဆ ကို အပြစ်မတင်ကြပါနဲ့၊မရှုပ်ချကြ ပါနဲ့၊ ချစ်သားပိလိန္ဒ၀စ္ဆဟာ ဒေါသထွက်လို့ ပြောခြင်းမဟုတ်၊စိတ်ထဲရှိလို့ ပြောတာမဟုတ်ဘူး၊ အာသဝေါကင်းကွာသော သူတို့မည်သည် သူတစ်ပါးအား ခက်ထန်ကြမ်းတမ်းပြီး ထိခိုက်နစ်နာစေတဲ့ပြောဆိုခြင်းမျိုးကို ပြောဆိုလေ့မရှိတော့ပါဘူး၊ ဘ၀ါဘ၀က အလေ့အကျင့် ကြောင့်သာ ပြောဆိုခြင်းဖြစ်ပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။
ထိုအတူ ယခုလည်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ မင်း…ငါ …ကွ စတဲ့ စကားအသုံးအနှုန်းများဟာလည်း စိတ်ထဲအပြစ်ဒေါသမရှိဘဲ၊ ဒကာ/ဒကာမအပေါ်တွင် ဖြစ်စေချင်တဲ့ စေတနာထက်သန်သည့်အတွက် ပြောခြင်းဖြစ်ဟန်တူပါတယ်။ ‘သူယုတ်မာ’ ဆိုတဲ့စကားဟာ ‘မင်း ငါ ကွ’ ဆိုတဲ့စကားထက် အဆပေါင်းများစွာရင့်သီးပါတယ်။ ဒါပေမယ့် ထိခိုက်နစ်နာစေလိုတဲ့ စေတနာမပါတဲ့အတွက် အပြစ်မရှိပါဘူး။ ထို့ကြောင့် မိုးကုတ်ဆရာတော်ကြီး မိန့်တော်မူခဲ့တဲ့ ‘မင်း ငါ ကွ’ စကားဟာလည်း ဒေါသနှင့်ပြော ခြင်းမဟုတ် စားစကား ရွာနားအရောက်ပို့မယ်ဆိုတဲ့ စေတနာနဲ့ ပြောတာဖြစ်တဲ့အတွက် သုံးလို့ရပါကြောင်း အဖြေပေးလိုက်ရပါတယ်။
အမေး။ ။အရက်ကြိုက်တဲ့ မိတ်ဆွေတွေက အရက်တိုက်ဖို့ တောင်းဆိုရင် လှူသင့်ပါသလားဘုရား
တပည့်တော် ထိုင်းနိုင်ငံရောက်စဉ် မိတ်ဆွေတစ်ယောက် အရက်ကြမ်းကို ပဲကြီးလှော်စေံ အနည်းငယ်နဲ့ မြည်းပြီး သောက်နေတာ တွေ့ခဲ့ရပါတယ်။ သောက်တဲ့အရက်ကလဲ ဈေးညံ့တဲ့ အရက်ကြမ်း အရက်ပြင်း၊ အစာမည်မည်ရရလဲ မခံဘဲ ပဲလှော်စေ့ လေးငါးစေ့နဲ့ သောက်နေတော့ အစာအိမ် ထိခိုက်မှာ စိုးလို့ စားစရာ ၀ယ်ကျွေးမိရင် အပြစ်ဖြစ်ပါသလားဘုရား။
အဖြေ။ ။ ပထမမေးခွန်းမှာ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလား။ အရက်ဆိုတာ လူတို့ရဲ့ သီလဆိုတဲ့ ငါးပါး သီလထဲမှာပါပါတယ်။ အရက်ကို ကိုယ်တိုင်သောက်လို့ပဲဖြစ်စေ၊ သူတစ်ပါးအား ရောင်းလို့ပဲဖြစ်စေ၊ သူတစ်ပါးအား ပေးလို့ပဲဖြစ်စေ ကိုယ်ကျင့်တရား ချွတ်ယွင်းမှု ဖြစ်သွားပါတယ်။ ထိုအရာများအနက် မိမိပေးလိုက်သော အရက်ကို သောက်ကြသောသူများဟာ အရက်ကြောင့် ပုံမှန်စိတ်အနေအထားမဟုတ်တော့ပဲ စိတ်အနေဖေါက်ပြန်ကာ မကောင်းမှုများကို ပြုလုပ်ဖို့ ၀န်မလေးတော့ပါ။ ကိုယ်က အရက်ကိုလှူလိုက်သည်ဖြစ်သော်လည်း လှူလိုက်သည့်အရက်က ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပေးတတ်တဲ့အတွက် အရက်လှူရင် လည်း အပြစ်ရှိပါတယ်လို့ ဖြေကြားလိုက်ပါတယ်။
ဒုတိယအချက်က တစ်ဘက်သားရဲ့ အစာအိမ်ထိခိုက်မှာကိုစိုးတဲ့အတွက် အမြည်းအနေနဲ့ စားစရာလှူတာဟာ အပြစ်မဖြစ်ပါဘူး၊ ဘာကြောင့်ဆိုရင် တစ်ဘက်သားအား အစာအိမ်ထိခိုက်မှာစိုးတယ်ဆိုတဲ့ မေတ္တာစိတ်အရင်းခံဖြင့် စားစရာကို ပေးလှူသောကြောင့် ဖြစ်ပါတယ်။ လှူဒါန်းလိုက်တဲ့ စားစရာကြောင့် သူတစ်ပါးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးကို ဖြစ်စေတတ်သောကြောင့် စားစရာလှူရင် အပြစ်မဖြစ်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်၊ တစ်ခုတော့ရှိတာပေါ့။ သည်လိုစိတ်ထားမျိုးမဟုတ်ဘဲ အရက်အတွက် သက်သက် အားပေးအားမြောက်ပြုပြီး အမြည်းဝယ်ပေးတာကတော့ အားပေးရာရောက်တဲ့အတွက် အပြစ်ဖြစ်နိုင်ပါတယ်။
အမေး။ ။ ရဟန်းတော်များဟာ ရရှိထားတဲ့ တရားအဆင့်ကို ဖော်ပြကြတာ မတွေ့ရပါ၊ လူတစ်ယောက်သာဖြစ်တဲ့ ဆရာသက်ကြီးဟာ သူ့နာမည်အရှေ့မှာ အနာဂါမ်ဆိုတဲ့နာမည်နှင့်တွဲကာ အနာဂါမ် ဆရာသက်ကြီးလို့ ခေါ်ရတဲ့အကြောင်းရင်းကို ရှင်းပြပေးပါဘုရား။
အဖြေ။ ။ “အနာဂါမ်ဆရာသက်ကြီး” ရဲ့ဘ၀ဇာတ်ကြောင်းကို ဓမ္မာစရိယဦးဌေးလှိုင်ရေးတဲ့ စာအုပ်မှာ ဖတ်ရတာ အလွန်ကြည်ညိုစရာလည်းကောင်းသလို တရားလိုသူတို့အတွက်လည်း သဒ္ဓါတရားတိုးတက်လာကာ တရားအားထုတ်ချင်စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ ဆရာကြီး ဆရာသက်ဟာ သူ့ဘ၀တစ်လျှောက် ပဋိပတ္တိလုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ရာမှာ ဝေနေယျတို့အား တရားပြရာ၌ သာမန်လူများ သိနိုင်ခဲတဲ့ အချက်အလက်တွေကို ကြိုသိနေခြင်း၊ စတဲ့ ထူးခြားတဲ့ အမြင်ရှိနေတယ်ဆိုတာ စာဖတ်ပြီး သိရကြည်ညိုခွင့်ရခဲ့ပါတယ်။ ဖြစ်နိုင်သည်မှာ သူ့ကိုယ်၌က အနာဂါမ်ရယ်လို့ တရားအဆင့်အတန်းကို တပ်ထားတာ မတွေ့ရပါဘူး၊ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အခြေခံပြီး သူ့ပရိသတ်က ခေါ်ဝေါ်သမုတ်ခံရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။
အမေး။ ။အရှင်ဘုရား…. လက်ဖက်သုပ်ကို သံဃာတော်များအား ညနေ လှူခွင့် ရှိပါသလားဘုရား၊ သံဃာတော်များကို ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများ ရှင်းပြပေးပါ။
အဖြေ။ ။ လူအများသည် နေမွန်းလွဲအချိန်တွင် ရဟန်းတော်များအား လက်ဖက်သုပ်များကို မလှူကောင်းသကဲ့သို့ သံဃာတော်များကလည်း အကပ်မခံကောင်းပေ။ ဘုဉ်းပေးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ပါတိမောက်ဘာသာဋီကာတွင် အသုပ်တို့နှင့်ပတ်သက်ပြီး ရေးထားပါတယ်။ ယခုခေတ်ပေါ် ညချင်း(ဂျင်း)သုပ်များဟာ ကြက်သွန်၊ဆီ၊ဆား၊ချင်း များကို တစ်ခုစီကြည့်လျှင် တစ်ခါအကပ်ခံထားလျှင် ခုနှစ်ရက်အတွင်းစားထိုက်သည့် သတ္တာဟကာလိက နှင့် တစ်သက်လုံးစားထိုက်သည့် ယာဇီဝက ဖြစ်သောကြောင့် “အပ်၏” ဟုထင်မှတ်ဖွယ် ရှိပါသည်။ သို့သော် ချင်း ကို ပင်ကိုယ်အကြမ်းအတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုး ဖြစ်အောင် စီမံထားသဖြင့် နေမွန်းလွဲလျှင် မစားကောင်းသည့် ယာဝကာလိက ခဲဘွယ်ထဲ ပါဝင်နေပါသည် လို့ ဆရာများတို့က ယူကြပါသည်။ ယာဝကာလိက မဟုတ် ဟု ငြင်းစေဦးတော့ ထိုချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းပါတယ်။ အကြောင်းမဲ့ဖြစ်စေ၊ ဆာလောင်မွန်သိပ်၍ ဖြစ်စေ စားလျှင် မည်သည့်နည်းနှင့်မျှ လွပ်လပ်ခွင့် မရ၊ အကပ်ခံလျှင် ဒုက္ကဋ်အာပတ်သင့်သလို မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်များစွာ သင့်ပါတယ်။
ရဟန်းတော်များအတွက် ညနေဘက် ဆက်ကပ်ခွင့်ရှိတဲ့ အရာများက (ဖေါ်ပြခဲ့ပြီးသည့် သစ်သီးရှစ်မျိုး) ဖျော်ရည်များအပြင်၊ မန်ကျည်းဖျော်ရည်၊ဆီးဖျော်ရည်၊ ရှောက်သံပုရာဖျော်ရည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါတယ်။
နောက် သတ္တာဟကာလိက ဆေးအဖြစ် ထောပတ်၊ဆီဦး၊ဆီ ၊ ပျား၊ တင်လဲစသည်တို့ကိုလည်း ဆက်ကပ်ခွင့် ရှိပါသည်။ သို့သော် သံဃာတော်များဘက်က ဆိုခဲ့ပြီးသည့်ဖျော်ရည်၊ ထောပတ်စသည်တို့ကို အကပ်ခံ၍ ရပါသော်လည်း သုံးစွဲသောအခါ အနာရောဂါပျောက်စေရန်သာ သုံးစွဲသင့်သည်၊ ဆာလောင်မွတ်သိပ်ရုံမျှဖြင့် မဘုဉ်းပေးကောင်း(မစားကောင်း)ပါ။ ဆာလောင်၍ ဘုဉ်းပေးလျှင် အာပတ်သင့်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။
အမေး။ ။အရှင်ဘုရား…နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့ အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။စူဠာမဏိစေတီတော်တွင် ပါဝင်တည်ထားသော ပစ္စည်းများအကြောင်းကို ‘ဣန္ဒနီလမယံ’ လို့ပါရှိတဲ့အတွက် စူဠာမဏိစေတီတော်တွင် ‘ပတ္တမြားညို’ လို့ ခေါ်တဲ့ ကျောက်မျက်ရတနာများ ပါဝင်ပါတယ်။ ထိုအကြောင်းကို မဟာမယာဝတ္တုတွင် လာရှိပါကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မုံးရွေးဇေတ၀န်ဆရာတော်က ပြဆိုထားပါတယ်။ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ နှာ-၂၀၄ တွင်တော့ ထိုစေတီကြီးဟာ ရတနာခုနှစ်ပါးဖြင့် မွမ်းမံ စီခြယ်အပ်သော လို့ လာရှိတဲ့အတွက် ရတနာခုနှစ်ပါးလည်း ဖြစ်နိုင်လောက်တယ် လို့ ယူဆမိပါတယ်။
စူဠာမဏိစေတီတော်ရဲ့ ပမာဏကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြဆိုထားပါတယ်။
သီဟိုဠ်ကျွန်းက သုမနသာမဏေဟာ တာဝတိံသာ သို့သွားပြီး သိကြားမင်းထံ၌ ညှပ်ရိုးတော်ဓာတ်ကို တောင်းသောအခါ သိကြားမင်းက တစ်ယူဇနာပမာဏရှိတဲ့ စေတီကို ဖွင့်၍ လက်ယာညှပ်ရိုးတော်ဓာတ်ကို ထုတ်ကာ သုမန သာမဏေအား ပေးလိုက်တယ် လို့ ပါရာဇိကဏ်အဋ္ဌကထာ တွင် ပြဆိုထားသကဲ့သို့ မဟာဝင်ကျမ်းတွင်လည်း တစ်ယူဇနာ လို့ ပြဆိုထားပါတယ်။သီဟဠမူမှာကား သုံးယူဇနာ ရှိပါသတဲ့၊ မဟာဗုဒ္ဓ၀င် ဒုတိယတွဲတွင်လည်း သုံးယူဇနာလို့ ဖေါ်ပြပါတယ်။ ဇိနာလင်္ကာရဋီကာ -၂၃၃- တွင် ယူဇနာသုံးဆယ် ရှိပါတယ် လို့ အသီးသီးဖေါ်ပြထားကြပါတယ်။
ထိုကဲ့သို့ စေတီဥာဏ်တော်အမြင့်ဟာ တစ်ယူဇနာ၊ သုံးယူဇနာ၊ ယူဇနာသုံးဆယ် လို့ အသီးသီးဖေါ်ပြချက်တို့တွင် ဘယ်ဟာကို ယူရပါမလဲ ဆိုတာကို ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၆)တွင် တည်တောဆရာတော်ကြီး ဝေဖန်တော်မူထားတာကို တွေ့ရပါတယ်၊ သဘာဝလည်းကျလှတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။
1 comment:
အရေးကြီးတဲ့ အကြောင်းအရာတွေကို
ဖြေရှင်းပြသွားတာပါ.။
ဆရာတော်ဘုရားကြီးကိုကော
မေးသူနဲ့
အခုလိုတင်ပြပေးသူကိုကော
အများကြီး ကျေးဇူးတင်ထိုက်ပါတယ်။gil
Post a Comment