Friday, January 2, 2009

ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)

မြတ်စွာဘုရား၏ အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့ပြီး AD ၁၂ ရစု၌ကွယ်၏။ ခန့်မှန်းတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာ တည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်၊ ပြည်တွင်းပြည်ပ အန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏။

ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏။ နောက်ဆုံး မူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှ လွင့်ထွက်ခဲ့ရသည်ကို ကျနော်တို့တွေ့ရ၏၊ ဖတ်ရ၏၊ ထို့အတူ ကြားနာခဲ့ရပါ၏။ ကျနော်တို့သည်လည်း စစ်မှန်သော မြတ်စွာဘုရား၏ အဆုံးအမကိုရခဲ့ပါ၏။ ရခဲ့သည်ဟုဆိုရာ၌

ဒဿနလည်းပါ၏၊ ကျင့်စဉ်လည်းပါ၏။ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏။ သို့သော် ကံတရားကြောင့် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ်ဆောင်လာခဲ့ကြကုန်သော မထေရ်မြတ်တို့နှင့် သာသနာပြု ပုဂ္ဂိုလ်အပေါင်းတို့၏ ကျေးဇူးတရားကို မေ့နေခြင်းသာဖြစ်ပါ၏။ လောက၌ ကျေးဇူးကင်းသူဟူ၍မရှိ သူ့ကျေးဇူးကိုသိပြီး ဆပ်ရမည်သာ။

ထိုကျေးဇူးရှင်တို့၏ စွမ်းဆောင်မှုတို့ကြောင့် ရရှိလာသော ကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒသည် အမှန်တကယ်ခိုင်ခန့်စွာ ရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည် အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်။
စင်စစ် မြန်မာပြည့်သို့ ထေရ၀ါဒရောက်ရှိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုလွှတ်စဉ်ကပင် ဖြစ်၏။ အထောက်အထာမခိုင်သော အဖြစ်များရှိနေစေ ကာမူ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏။

ထိုမျှ နှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိ ထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?

ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ပြန်လည်တူးဖေါ် ရပါလိမ့်မည်။
အမှန်အားဖြင့် ဗုဒ္ဓ၀ါဒဟူသည် သစ္စာဝါဒသာဖြစ်၏။ မြတ်ဗုဒ္ဓကို တနည်းအားဖြင့် “သိသူ” ဟုဆိုကြ၏။ ဘာကိုသိသနည်းဟုမေးသော် သစ္စာတရားကို သိသူဖြစ်ပါ၏။ လောက၌ သိစိတ်ရှိသော သတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိကြသည်သာဖြစ်ပါ၏။ သို့သော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲသေး၏။ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။

သုတမယညဏ်ဖြင့်လည်း သိ၏။ စိန္တာမယညဏ်ဖြင့်လည်း သိ၏။ ဘ၀နာမယညဏ်ဖြင့်လည်း သိ၏။
ထိုကြောင့် ကျနော်တို့၊ အန္ဓပုထုဇဉ်တို့၏ အမြင်အရ လူတွင် ဆင်းရဲချမ်းသာ၊ ကုလားတရုတ် ရှိ၏။
ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရိယာအဆင့်တွင်မူ ရုပ်နာမ်ဓမ္မ သင်္ခါရအဖြစ် မြင် သည့်တိုင် အဆင့်ဆင့်သွား၏။ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်၍ လောကတစ်ခုလုံးကို သုညတ အဖြစ်သာမြင်တော့၏။
သို့အတွက် မြတ်စွာဘုရားရှင်၏ အဆုံးအမဓမ္မသည် ဘက်လိုက်မှုအကင်းဆုံးဖြစ်ပါ၏။

ကိလေသာတန်းလန်းနဲ့ ပြုစုထားသော အယူအတွေးများတွင် အနည်းနှင့်အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့ တွေ့ရမည်သာဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ မဟာသြ၀ါဒကား။

မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား

ဟု လူတိုင်း အထူးသဖြင့် ဗုဒ္ဓ၀ါဒကို လေ့လာဘူးသူတိုင်း သိနေပြီးဖြစ်ပါ၏။ သို့အတွက် ထေရ၀ါဒကို သုံးသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။

ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏။ ပန်းတိုင်သို့သွားရာတွင် ကျနော်တို့သည် ကိလေသာ မစင်သေးသည့် အားလျှော်စွာ မကောင်းမှု၊ ကောင်းမှုတို့ကို ပြုလုပ်မည်သာ ဖြစ်ပါသည်။ သို့သော် လည်း ကျနော်တို့သည် မိမိ၏အတ္တအား ရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏။

မကောင်းမှုကို မလွဲသာ၍ ပြုလုပ်ရသည့်တိုင်အောင် လောက၌ ဓမ္မထွန်းကားရေး အတွက်သာ ဖြစ်သင့်ပါ၏။
အမှန်စင်စစ် ထေရ၀ါဒကို လက်တွေ့ကျင့်သုံးမည်ဟု ဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက် ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကိုလည်း ဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်းကောင်း၊ ဘာဝနာဖြင့်လည်းကောင်း အထပ်ထပ် ဆေးကြောသန့်စင်စေရပါမည်။ ထိုသို့ မဟုတ်ပါက ကျနော်တို့၏ထေရ၀ါဒသည်လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါးလိမ့်မည်။
ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ ဆင်ခြင်သုံးသပ်ရမည့် စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….

“ထေရ၀ါဒ အုတ်မြစ်ဟူသည် ကျောက်သားများ၊ သံများ အင်္ဂတေများမဟုတ်။
အဆောက်အအုံဆိုင်ရာ ပစ္စည်းဟူသမျှတို့သည် တစ်ချိန်က မည်မျှပင်လက်ရာမြောက်စေကာမူ
နေက်ဆုံးတွင်မူ ဘာသာရေးအတွက် တန်ဖိုးမရှိလှတော့ဘဲ ရှေးဟောင်းသုတေသန အတွက်သာ
အသုံကျတော့၏”
ထိုကြောင့် “ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”
(ဆရာကြီးဦးရွှေအောင်)

3 comments:

Younggun said...

အစ်ကိုရေ တစ်ချက်တော့ ကွန့်ချင်တယ်။ ရမလားမသိဘူး။ ဒီလိုပါ။ မကောင်းမှုရှောင်ဆိုတဲ့နေရာမှာ အတင်း၊စိတ်ကို ဘရိတ်အုပ်ရှောင်တာထက် ဥာဏ်အသိနဲ့ အလိုလိုပယ်သတ်သွားတာကမှ သင့်မယ်ထင်တယ်။ ဖြူအောင် စိတ်ကိုထားဆိုတဲ့ နေရာမှာလည်း အတင်းဖြူဖို့ကြိုးစားတာထက် သဘာဝတိုင်းဖြူနေတာက ပိုသင့်မလား။ အစ်ကိုလည်း ကြားဖူးမှာပါ။ မဟာယာနတွေရဲ့ ဂါထာတစ်ပုဒ်မှာ အလုံးစုံသော တရားတို့သည် မူလတည်းက စင်ကြယ်နေသည်ဆိုတာ။ မူလဆိုတာ...။

sonesiyar.blogspot.com said...

ဟုတ်လိုက်လေ အစ်ကိုရာ..

ညီလည်း ဟိုတစ်နေ့က တရားတစ်ပုဒ်နာလိုက်ရတယ်။ ဘုန်းဘုန်း ကောသလ္လရဲ့ တရားလေး။ အဲဒီအထဲမှာ ဘုန်းဘုန်းဟောသွားတာက ရုပ်ဝတ္ထုပစ္စည်း အားလုံးဟာ အနိစ္စတရားရဲ့ လက်အောက်မှာ ရှိတယ်တဲ့။ အချိန်မရွေး ပျောက်ကွယ် ပျက်ဆီးသွားနိုင်တယ်တဲ့။ ရွှေတိဂုံစေတီ ဘယ်လောက် တန်ခိုးကြီးတယ်ပြောပြော နောင်တစ်ချိန် တန်ဖိုးမသိသူတွေ လက်ထဲရောက်ရင် ခုလက်ရှိ ဗုဒ္ဓဂယာလိုပဲ ပြတိုက်ဖြစ်သွားမယ်တဲ့။ ကျိုက်ထီးရိုး မဟာမြတ်မုနိတို့လည်း ထိုနည်းတူပဲတဲ့။ ရေရှည်တည်တံ့မှု မရှိနိုင်ပါဘူးတဲ့။ အဲ.. ရေရှည်တည်တံ့နိုင်တာကတော့ ဘုရားအဆုံးအမတွေကို လိုက်နာနိုင်မှု၊ အစ်ကိုပြောသလိုဆို ကိုယ်ကျင့်သိက္ခာပဲတဲ့ အစ်ကို။

ညီတို့လည်း မြတ်ဘုရားသာသနာ ရေရှည်တည်တံ့အောင် ကြိုးစားလိုက်ကြစို့လား အစ်ကို။

ရိုသေလေးစားစွာဖြင့်
ချစ်ညီလေး
ဖိုးသား

မသက်ဇင် said...

"ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)"
ကို လေးလေးစားစား လာဖတ် မှတ်ပါတယ်---
နေမကောင်းလို့ မရောက်ဖြစ်တာပါ---
အလွန်တန်ဘိုးရှိသော ပိုစ့်ပါ---
ဖြန့်ဝေပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်--