Wednesday, June 24, 2009

သူတော်ကောင်းတို့၏အသံတော် အပိုင်း(၂)

ညနေစောင်းတော့ ဆရာတော်နှစ်ပါးရေ သုံးသပ်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ ကျောင်းဝင်းထဲလှမ်းကြည့်မိတယ် သစ်ပင်လေးတွေက စိမ်းစိမ်း သရက်ပင်တွေ ပိန္နဲပင်ကြီးတွေ ပြီးတော့ ကျောင်းနောက်ဖက်က ခရေပင်ကြီး လည်း လှနေတယ်၊သူတော်ကောင်းတို့ရဲ့ပျော်စံရာက အငြိမ်းဓာတ်တို့ကိန်းနေတယ်၊ငှက်လေးတွေသီချင်းဆိုနေကြပရဲ့ ငြိမ်ချမ်းရေးသီချင်းဖြစ်ပါလိမ့်မယ် ရေချိုးနေကြတုံး ကျောင်းကဦဇင်းတွေ ရောက်လာတာနဲ့ ဆရာတော်နဲ့ဦဇင်းတွေကိုခွင့်ပန်ပြီး ကျောင်းပေါ်ကကြည့်လိုက်ရင် လှမ်းမြင်နေရတဲ့ ခရေပင်ကြီး ရှိရာကို ကျနော် သွားလိုက်တယ် ကျောင်းရောက်တိုင်း အဲဒီနေရာလေးမှာထိုင်ပြီး အလုပ်လုပ်ရင်လုပ် မလုပ်ရင် တိမ်တိုက်တွေ နဲ့ အိမ်ပြန်ငှက်တွေကိုကြည့်ရင်း……..။



“ အော်နေညှိုနေပြီ ၀င်တော့မယ် ၊ ကျနော်လည်းအိုပြီသေတော့မယ် ဘာရသေးလဲ ဘာလုပ်ပေးခဲ့နိုင်လဲ လူတွေ အတွက် ဘာချန်ထားခဲ့ လဲ၊ အိမ်ပြန်ငှက်တွေက ကျနော့်ကိုအပါယ်လေးဘုံမှာ ပြန်ဆုံမလားလို့မေးနေတယ်ထင်ရပါ့ လေ…သာမာန်ပုထုဇဉ်ကျနော်ရဲ့ အမြဲတန်းနေအိမ်က ငရဲ ပြိတ္တာ အသူရကာယ် နဲ့တိရိစ္ဆာန် ” လေ.. အခုလူအမည်ခံတာတောင်မှ တိရိစ္ဆာန်စိတ်က၀င်ချင်သေး ၀င်လာသေး တယ်လေ..လာသေးတယ် ငါကဘာကောင် မင်းကဘာကောင် အကောင်တွေဇာတိပြသေးတယ် ဘယ်ကလာလဲ ဆိုတာ ကို အပြိုင်ဆိုင်ကြွားကြသေးတယ်၊ သေရင်အပ်တိုတစ်ချောင်းတောင် ယူမသွားနိုင်မှန်းအသိ နဲ့ပင် ရရှိနေဆဲ အခွင့်ရေး စိးစိမ်တွေကို မလွတ်တန်းဆုပ်ကိုင်ချင်ကြတယ် ဘာအတွက်လဲတော့မသိ လူ့ဘ၀သရုပ်အစစ်က ဘာလဲ မြဲရေးလား တည်တန့်ရေး လား အစဉ်ထာဝရလား ၊မသိတာလား သိသိရက်နဲ့မိုက်ချင်တာ လား လို့ပြန်မေးတော့ မိုက်နေသူသာ ကျနော်ဟာ တကယ့်ကို မိုက်နေသူလေ ယူဆောင်သွား လို့မရတဲ့ အရာ အားလုံးကို ပိုင်ဆိုင်ချုပ်ကိုင်ပြိး ထာဝရနေအိမ်မှတ်နေ သူပါ။

တရားတော်ရဲ့အနှစ်သာရကို ကျနော်တကယ်မြင့်ခဲ့ပြီလား၊ဆိုတဲ့မေး ခွန်း ကို ပြန်မေး မိတယ်၊ ကိုယ့်ဘာသာကိုယ်၊မေးရင်းနဲ့ပဲ စိတ်ကစာရေးနေတဲ့ အပေါ်အတွေးရောက်သွားတယ်လေ မရေးတတ်ရင် ငရဲကျမဲ့ အလုပ်က စာရေးတဲ့ အလုပ် လို့တွေးနေရင်း ကျနော်ဖတ်ခဲ့ ဘူးတဲ့ အကိုကြီး မင်းဒင်ရဲ့ စာတစ်ပုဒ်ကို သတိရ လာတယ် ဖတ်ဖူးပြီးသားဖြစ်မှာပါ ဘလော့ဂါနဲ့ သူခိုးပုံပြင် ဆိုတာလေ သူခိုးထက်ပို အပြစ်ကြီးသောစာရေးဆရာ များဖြစ်ခဲ့လျှင်…ဆိုတဲ့အတွေးကခေါင်းထဲရောက်လာပြန်တယ်။

အဲလိုတွေးနေရင်းနဲ့ပဲ ဖတ်ဖူးတဲ့စာအချို့ခေါင်းထဲရောက်လာတယ်လေ သတိပြုစရာပေါ့ စာရေးသူတိုင်း စာရေးချင်သူတိုင်း သတိထားစရာပါ။ ဘာလဲဆိုတော့



မိမိကိုယ်တိုင်လည်းအမြင်မှားနေ၏၊(မိစ္ဆာဒိဋ္ဌိဖြစ်နေ၏) ၊သူတပါးတို့အားလည်း မိမိလိုအမြင်မှားအောင် မစ္ဆာဒိဋ္ဌိဖြစ်အောင် ရေးသား ဟောပြော ထုတ်ဝေ၏ ထိုသူမျိုးသည်သေလျှင်ဧကန္တ အပါယ်ငရဲသို့သာ ကျရပေသည်။

(ပါရာဇိကဏ်ပါဠိတော်၊ဒိဗ္ဗစက္ခုညာဏကထာ၊အခန်းမြန်မာပြန်)

စာရေးသူလိုမျိုး တောမရောက်တောင်မရောက်စာရေးသူတွေ သေချာသလောက်ရောက်မဲ့နေရာပေါ့ ၊ပြီးတော့ရေး ချင်တာကလည်း ဘာသာရေး ဆိုတော့ ရေးရမှာ လည်း ခပ်တွန့်တွန့် ၊ခက်တာက ပြန်ပြောပြချင်တာလဲ အလွန်..အင်း…..ဆရာကြီး လုပ်တာ မဟုတ်၊ ၀ါသနာကိုယ်တိုင်က ကိုယ်သိသလိုသိစေချင်တာ ကိုယ်ကစာအုပ်လေး တစ်အုပ်လောက်ဖတ်ကြည့် ကောင်းရင် လက်တို့ တတ်သူ ဆိုတော့ လည်း အခက်သား။


ဒီလိုတွေးနေရင်းနဲ့ ပဲဆရာတော်အခေါ် ခိုင်း တယ် ဆိုပြီး ရေမြစ်ကြီးဆရာတော် လေး က ပြောတော့ ဆရာတော့် နောက်က ခပ်ခွာခွာ လိုက်ရင်း ဆရာတော်သီတင်းသုံးရာကျောင်း တော်ဆီ လိုက်ဖြစ်ခဲ့တယ် သံဃာတော်နဲ့ ပခုံးချင်းယှဉ်လိုက်ရဲသောသတ္တိ ကျနော့်မှာ မရှိ။ ဒီနေရာမှာ ဝေဘူဆရာတော်ကြီးရဲ့ အဆုံးအမ ကိုသတိရတုံး ပြန် ပြောရရင်ရင်…..။


ဘုရင်သားကို ပါးစပ်နဲ့အစော်ကားရင် လျှာအဖြတ်ခံရမယ်၊ လက်နဲ့၇ိုက်ပုတ်မိရင် လက်အဖြတ်ခံရမယ်၊ ခြေနဲ့ ခတ်မိရင် ခြေအဖြတ်ခံရမယ်၊ ဒီထက်ပိုဆိုးရင် အသတ်ခံရမှာပဲ..အခုသံဃာတော်ဆိုတာ၊ ရဟန်းဆိုတာ ၊ ဘုရင်သား ထက်မြင့်တဲ့ မြတ်တဲ့ ဘုရားသား..ဒီတော့ ပြစ်မှားရင်ဘာ ဖြစ် မလဲ..စဉ်းစားဗျာ တဲ့လေ ၊ အကျယ်ကိုသိချင်သူများကတော့ ဘေူဆရာတော်ဘုရားကြီးရဲ့ သံဒိဋ္ဌိက တရားတော်များ ဆိုတဲ့စာအုပ်မှာ ဖတ်ရှု ကြည်ညိုနိုင်ကြပါ တယ် ခင် ဗျ။


နောက်တော်က လိုက်ရင်း၊ ကျောင်းတော်ကိုရောက်တော့ ဆရာတော်နှစ်ပါး ကစကားမြည်စ ပြောနေကြပြီ ကျနော်လည်း အလိုက်တသိနဲ့ ဘုရားကို ဦးချပြီးဆရာတော်တွေကို ဦးချ လိုက်တယ် နောက်တော့ ၀တ်ဖြည့်ဖို့ ဖျာခင်း တော့ ဆရာတော်ကြီးက နေရာယူရင်း ..မိန့်လိုက်ပုံက….။

သားအငယ်ရေ…ငါတို့သာသနာတော်ကြီးအတွက်၊ ငါတို့အား လုံးမှာတာဝန်ရှိတယ် လုပ်လည်းလုပ်ရမယ် ဒါပေမဲ့ သတိထားရမှာက ဘာသာခြားထက်ပြုမရောင်နဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေကွဲ့၊ပြီးတော့ အစဉ်အတိုင်းသွားရမဲ့ ဟာကိုကျော်သွားနေတာတွေ့ရတယ် အဲဒီလိုကျော်သွားနေတာဟာ အလုပ်ခွင်မှာ လည်း အနှေက်အယှက်ပဲ၊ တို့များ မိုးကုတ်ဆရာတော်ကြီး ဟောထားတာရှိပါတယ်၊ သေချာမှတ်နော်..ခန္ဓာ၊ အယာတန၊ ဓာတ်၊ပြီးတော့ သစ္စာ နော်မှ ပဋိစသမုပ္ပတ် နော်၊ အခု က လာတာနဲ့ ဘာတဲ့တန်းပြီးပဋိစ လိုက်ကြရော၊ အောက်ခြေပြတ်နေကြတာပါ၊ တကယ်တန်း က ခန္ဓာက စရမှာဗျ၊ဒီခန္ဓာကြီးရဲမမြဲပုံဆင်းရဲပုံကို အသေချာကို၊ ပိုင်းခြားသိထားရမှာဗျ၊နောက် အတွင်းအာယတနနဲ့အပြင်အာယတနအလုပ်လုပ်ပုံကို မမြဲတရားနဲ့ မြင်အောင်ကြည့် မဟုတ်ရင်ဓာတ်ကိုကြည့်၊ပိုပြီးရှင်းအောင်ပြောရရင်တော့ ခန္ဓာမှာ သစ္စာဆိုက်အောင် သိ နောက်ပြီး အာယာတနမှာ သစ္စာ ဆိုက်အောင် သိ၊ ပြီးတော့ ဓာတ်မှာသစ္စာ ဆိုက် အောင်ကြည့် အဲ လိုမမြဲဆင်းရဲ ရတဲ့ အကြောင်းကျိုးတွေရဲ့ အဖြေက ပဋိစ္စသမုပ္ပတ် မှာကြည့် ဒါမှ တကယ့်ကို ဆရာတော်ကြီး အလိုတိုင်း ကိုယ်တွေ့နား လည်မှာ ဗျ။ သစ္စာနဲ့ ပဋိစ္စသမုပ္ပတ်ကတွဲနေမှ ဗျ။



တင်ပါ့ဘုရား..ဟုဝန်ခံ ချိန်မှာပဲ သက်တော်ကြီးရင့်တော်မူ လှပြီးဖြစ်တဲ့ဆရာတော် ကြီး ကိုကြည့်ရင်း သံဃဂုဏ် ကိုဆင်ခြင်မိနေသလို နော်တရားမော ခင်မှာ ခုနက ဆရာတော်ကြီး ပြောတဲ့ တရား သဘော ကိုတွေးရင်း အင်းမဆရာတော်ကြီး (မှတ်ချက် - ရဝေနွယ်အင်းမဆရာတော်မဟုတ်ပါ) သိမ်တောင်အင်းမ ဆရာတော်ကြီးရဲ့ မိန့်တော်မူ ချက်အချို့ ကိုပြန်ပြီးသတိရမိပါတယ်လေ..ဒီလိုပါခင် ဗျ။

ဝိပဿနာပညာဆိုတာ၊လူသာမန်၊နတ်သာမန်၊ပုထုဇဉ်သာမန်တို့မကြံအပ်၊မကြံစည်နိုင်ရာ၊၀ရဇိန်မိုးကြိုးစက်သွားပမာ စိန္တမယပညာ၊၀ဋ်ဒုက္ခကိုကုန်ခန်းစေရာ၊တိဟိသ်ပုဂ္ဂိုလ်တို့နဲ့သာထိုက်ရာ၊တန်ရာ၊ကြံစီရာဖြစ်သော သည်ဝိဇ္ဖာ လမ်းကြီးသည်…..တဲ့လေ၊ အကျယ်သိခ်ျသူများအတွက် ကျမ်းက

ဓမ္မစင်္ကြာဆရာတော်ဘုရားကြီး၏ ပထ၀ီဓာတ်နဲ့ညဏ်ကိုးလွာခေါ် ၀ိပဿနာ လုပ်ထုံး ကျမ်း ကိုကြည့်ကြပါ ခင် ဗျ။



အဲဒါပေ မဲ့ ကျနော်တို့က တိဟိတ်ဒွိဟိတ် လား ကိုယ့် ဘာသာကိုယ်မသိနိုင်တော့ အလုပ်ကို တကယ် အပ်ချမှတ်ချ လုပ်ရမှာလေ။ လယ်တီဆရာတော် ကြီးရှဲု အဆုံးအမ အတိုင်း ပေါ့လေ တိဟိတ်၊ဒွိဟိတ် ၀ိစ္ဆိကိတ် ဘေး ချိတ် ထား ပါဘိတဲ့လေ၊ အင်းမကြီးဆရာတော်ရဲ့သြ၀ါဒကို ပြန်ပြောပြမိတာက တရားတော်ရဲ့ လေးနက်မှုသဘောကိုသိစေချင်လို့၊ပြီးတော့တရားတော်ကိုလွယ်လွယ် လုပ်နေကြလို့ပါ၊ဗြဟ္မဇာလာသုတ်မြန်မာ ပြန်ဖတ်ဖူးသူတိုင်သိမျာပါ…..“


ငါဘုရားထိုးထွင်သိမြင်သောတရားတို့မှာ နက်လည်းနက်နဲ၏ မြင်လည်းမြင်နိုင်ခဲ၏ ထိုးထွင်းပြီးလည်သိနိုင်ခဲ၏၊ တည်လည်းတည်ငြိမ်လွန်းသည်၊ မွန်လည်းမွန်မြတ်သည်၊ အတွေးခေါ်သက်သက်ဖြင့်လည်း မှန်ကန်စွာမမြင်နိုင်၊ သိမ်လည်းသိမ်မွေ့လှ၏ ပညာရှိသူမှသာအရသာခံနိုင်ပေမည်…ဆိုတဲ့ ဗြဟ္မဇာလသုတ်မြန်မာ ပြန်ထဲက တရားတော် ကို ပြောနေသလိုပါ ဗျာ။


စာကရှည်နေလို့ ခဏနား ပါ့မယ် ။နောက် လာမဲ့ အပိုင်း(၃)မှာ လည်း သြ၀ါဒတော်တချို့နဲ့ သရဂုံ ကျင့်စခန်း နိဒါန်း ကို ပြန်ပြီးဖေါက်သည်ချပါ့မယ်။

လေးစားစွာဖြင့် ဥပသကာ

Monday, June 1, 2009

သူတော်ကောင်းတို့ အသံတော်(၁)

တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ် ဆိုပြီးသွားတော့ လည်း၊ မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးဆီ ရောက်ဖြစ်တယ် အလုပ်တွေများနေတဲ့ ခုတလောက စိတ်ထဲမှာငြီးစီစီကြီး ခံစားနေရသလို၊ ကိုယ်ရေးတဲ့ကဗျာ ကိုယ်ပြန်ဖျက်လိုက်ရတဲ့ ခံစားမှုအသစ်က၊ ကျနော့်ရင်ကို ထပ်ပြီးဖို့လိုက်တော့၊ ဦးနောက်ကြီး ထူသွားသလို နှလုံးသားလည်း ထူသွားတယ်ဆိုပါတော့၊ ငယ်တုံးက ကျောင်းသားဘ၀မှာ သူများပြောတာ မခံချင်လို့ စာ…စာ…..စာ.. တွေချည်းဖြစ်လာတော့ ဦးနောက်က ထူထုံထိုင်းကြီး ဖြစ်လာတယ်၊ အခု လည်း သူများရမ်းတာ မခံချင်လို့ ကဗျာကို ပြန်ဖျက်လိုက်ရပေမဲ့ နှလုံးသားက ထူပြီးထုံနေတယ်၊ ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ၊ အစစအရာရာကို ကြောက်ပြီးနေရတဲ့ဘ၀၊ ကြာတော့လည်း ကိုယ့်ဘာသာကိုယ် မုန်းလာတယ်.. တကယ်၊ စိတ်ထဲလေမဲ့အစား တခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့၊ ဘုရားမှာ လှူထားတဲ့ သင်္ကန်းတစ်စုံကို ယူပြီး တောရကျောင်းထဲကို ၀င်သွားတယ်၊ တကယ်တော့ ဒီသင်္ကန်းတစုံက ၀ယ်ထားတာ ကြာပါပြီ၊ ကျနော်က သူ့အတွက်ပေါ့လေ… အနစ်နာခံနေသူ အတွက်ပေါ့လေ၊ အလှူလုပ်ပေးနေကြ၊ အဲလှူမယ်ဆိုပြီးတော့ ၀ယ်ပြီး အိမ်ကဘုရားမှာ အရင်ကပ်ပြီး ထားခဲ့တာလေ။ သွားမယ်လုပ်လိုက်.. မဖြစ်လိုက်နဲ့၊ သွားမယ်ဆိုရင်တော့ မဝေးပါဘူး တရက်လောက် နေချင်သေးတယ်၊ တညလောက် ဆရာတော့်အရိပ်မှာ ခိုချင်သေးတယ်၊ အလုပ်ခွင်ထဲ မရှင်းတာတွေ မေးချင်သေးတာကိုး၊ အခုတော့လည်း ရက်ခြင်းပြန်ပဲ သွားမယ်ဆိုပြီးတော့၊ သင်္ကန်းပိုက်ပြီးတော့၊ ဟန်ဆောင်မှုကင်းရာ၊ မာယာမဲ့ရာ၊ သစ္စာရှိရာ ကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။

ကျောင်းထဲရောက်ရင် ကျနော် ကခလေးဖြစ်ပြီ၊ ဆရာတော်ရေးချိုးဖို့ ရေခပ်ပေး၊ ဆွမ်းစားဖို့ ဆွမ်းကပ်ပေး၊ ဆရာတော်စားပြီး ချကျွေးတာကို စားပြီးတော့ နေ့လည် ကျိန်းတော်မူချိန် ဆိုရင်၊ အနားမှာထိုင်ပြီး ၀တ်ဖြည့်၊ မေးချင်ရာကိုမေး၊ အားမနာတမ်း ထော့ပြီးကလှော်ပြီးမေး၊ ညဖက်ကျတော့ ဆရာတော်နဲ့ အတူအလုပ်လုပ်၊ မဟုတ်ရင်လဲ ကိုယ့်ဘာသာကိုယ်၊ ဇရပ်ပေါ်ဖြစ်ဖြစ် သိမ်ထဲဖြစ်ဖြစ်လုပ်၊ အိပ်ပျော်နေရင် အဆဲခံ အအိပ်မက်ရင် မနက်ကျအဆဲခံ၊ ဘယ်လိုဆဲလဲ သိလား၊ “နင့်ရုပ်ကလေ.. အိပ်နေလိုက်တာ၊ ငရဲမီးနဲ့ထိမှ အသိတရားရပြီး နိုးမဲ့ရုပ်”၊ အဲ.. မအိပ်ဘဲ တောက်လျှောက်ထိုင် မနက်ကျရင် ပြောလိမ့်မယ်.. တော်တယ် ဘုရားကို ပါးစပ်နဲ့မချစ်ဘူး၊ လက်တွေ့ချစ်တယ်.. သာဓုခေါ်တယ်ဆိုပဲ။

ကျနော် အိပ်မအိပ် ဘယ်နည်းနဲ့သိလဲလို့ မေးတော့၊ နင့်အရလားဆိုပြီးတော့.. ငေါက်တာခံရဘူးသဗျ၊ ငေါက်တော့လည်း ခံရတာပေါ့၊ နင်သိချင် နင်လုပ်မှ ရတဲ့တရား၊ ငါငှါးလို့မရဘူးဆိုပဲ။ ပြီတော့ ဘာပြောလဲမှတ်.. တခါတည်းမှတ်အောင် ဆုံးမတတ်တယ်၊ ပြောပြရဦးမယ်… တစ်ခါတော့ စာရေးဆရာဆိုတဲ့၊ သူတစ်ယောက် ကျောင်းထဲလာပြီး ဆရာတော် ကြီးကိုလာ ဖူးတယ်၊။ ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါ ဘုရားတဲ့… ဆရာတော်က ဘာပြောလဲ သိလား၊ “သူများရေး ပြီးသာဟာသာ မကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့ အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊ အခုခေတ်က ရှေးဆရာတော်ကြီးတွေ ရေးတာကူးချ၊ ပြီးတော့ ဆရာလုပ်တာ များတော့ ခက်တယ်ကွယ်” ဆိုပြီး ငြီးတော်မူတယ်၊ ကျနော် ဘလော့ရေးတယ်ဆိုတာ ဆရာတော်သိတော့၊ “ဟေ့.. သားအငယ်ရေ နင်ကူးချမယ်ဆို ငါ့ဆီ စာအုပ်တွေ လာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့ မိန့်တယ်.. နောက်ထပ် ဆက်ပြီး မှတ်စရာ ကောင်းလွန်းလို့ ဆက်ပြီးပြောရမယ် ဆိုရင်တော့ “ကျမ်းဆိုတာ၊ ကိုးကားခွင့်၊ မှီငြမ်းခွင့်ပဲ ရှိတာပါ၊ တခါတည်း အပြီးသတ် ခိုးချပြီး လူတွေကို ပြန်ပြောရင်၊ နာဖူးထပ်မံဆိုပေမဲ့လည်း ခဏ ခဏဆို လူတွေက ထပ်မမံချင်တော့ဘူး” တဲ့လေ။

စကားတွေက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီလေ၊ တကယ်ပြောချင်တာက၊ တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာ၊ နေလနှစ်ပါးကို တစ်ပြိုင်တည်း တွေ့လိုက်ရတဲ့၊ ကျနော့် အကြောင်း ပြန်ပြောချင်လို့၊ ရေးမိတာက တစ်ခြား ဥပါသကာတို့ တော်လိုက်ပုံများ လက်ဖျားခါလောက် ပါရဲ့နော်။ ထားလိုက်ပါတော့လေ.. အဲကျနော် ကျောင်းထဲရောက်တော့.. ယဉ်ငေး ဆရာတော်ကြီးပါ ရောက်နေတာကို ဖူးတွေ့လိုက်ရတာ.. စိတ်ထဲ ၀မ်းသာလိုက်တာ မပြောနဲ့တော့.. သူတော်ကောင်း အရိပ်လေ၊ ဒီဆရာတော်ကြီး နှစ်ပါးလုံးကတော့ ကျနော်တို့ ဆီမှာတော့ ပဋိပတ်ထိပ်ခေါင်ပါ၊ ကျနော်တို့ ဒေသမှာပေါ့လေ၊ ရောက်တာနဲ့ ဘုရားကိုဦးချပြီး ဆရာတော် နှစ်ပါးလုံးကို ဦးချပြီးသင့်တယ်။ နေရာမှာပဲ တရားနာလိုက်မိတယ်၊ ဆရာတော်ကြီးက အနားလာဖို့ မိန့်တဲ့အခါတော့ အနားသွားပြီး ၀တ်ဖြည့်နေမိတယ်လေ၊ ၀တ်သာ ဖြည့်နေရပေမဲ့ စိတ်ထဲမကောင်းဘူး၊ ကျနော် အသံဖမ်းချင်နေတာ ဆရာတော်ကြီးတွေ အလုပ်အကြောင်း ပြောနေကြတာကို၊ ပြီးတော့ ဓာတ်ပုံလည်း ရိုက်ချင်တယ်၊ မှတ်တမ်းပေါ့လေ၊ ဒါပေမယ့် ကျနော် ဥပါသကာသည် ဥပါသကာသာမို့၊ ၀မ်းနည်းမိ နေတယ်လေ၊ ကျနော် မ၀ယ်နိုင်တဲ့ဟာအတွက် စိတ်မကောင်း ဖြစ်ယုံပဲလေ။

တရားဟောခဲ့သော ဆရာတော်များမို့ အလုပ်အကြောင်း ကို မှတ်တမ်းတင် နာယူချင်တာတော့ အမှန်၊ အဲလိုပြောရက်ကနေ.. ဒီည ကျောင်းမှာအိပ်နော်၊ တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့” လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော မဆန်းတော့၊ ဆရာတော် သိချင်ရင် သိနိုင်တဲ့ သူမှန်း ကျနော် သိနေတာ ကြာပါပြီလေ။ အင်း ညကျရင်တော့ ကျနော် တရားတွေ အများကြီး နာရဦးမှာကိုတော့ ၀မ်းသာမိတယ်ဗျာ.. ညကနာတဲ့ တရားကိုတော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။


လေးစားစွာဖြင့်
ဥပါသကာ