Friday, November 28, 2008

သံယောဇဉ်


အခုတလော လောကဓံက ကျနော့်ကို ဆက်တိုက် ထိုးနက် လာတယ်။ လောကဓံ ထိုးချက်နဲ့ ထုသားပေသား ကျနေပြီး ဖြစ်တဲ့ ကျနော့်အဖို့ကတော့ မဆန်းတော့ပါ ရိုးသားစွာ အသက်မွေး ၀မ်းကြောင်းရန် အတွက် ကျနော့်မှာ သတ္တိရော ပညာပါ ရှိသည်။ ဒါပေမဲ့ စိတ်ခိုင် လှသည်ဟု ဘာသာ မှတ်ယူ ယုံကြည်မိသော ကျနော်သည် သံယောဇဉ် ကြောင့် မျကရည်မထွက်ဘဲ ကျိတ်ငို ခဲ့ရပါ၏။

အော် …သံယောဇဉ်တဲ့ …အမြင်မဲ့ ပေမဲ့ ခိုင်လွန်းတဲ့ကြိုးလေ။

ကျနော် အိမ်ရှေ့မှာ ထိုင်ရင်း သမီးနဲ့ ဆော့နေသည်။ ဖခင်နှင့် နှစ်ပေါင်းများစွာ အတူရင်းနှီးခွင့် မရ ခဲ့သော မိခင်မဆန်သော သူတစ်ယောက်၏ ရက်စက်စွာ အစွန့်ပစ် ခံခဲ့ရသော သမီး ပျော်နေပါသည်။

“ညကျရင် အဖေနဲ့အိပ်မယ်။ အဖွားနဲ့ မအိပ်တော့ဘူး..နော်”
ဟု ပြောလာသော သမီးကို ကြည့်ရင်း ၊လွတ်လပ် ပေါ့ပါးစွာ ခေါင်းကို ညိတ်ဖြစ် ပြန်သည်။

တကယ်လည်း တမြို့တည်း နေကြပါလျှက် ကျနော်တို့ သားအဖမှာ အတူအိပ် ခဲ့ရသောရက် ရှားပါသည်။ သမီးကို ပြောသော အိပ်ရာဝင် ပုံပြင်ဟု ပြောချင်ပြော၊ သမိုင်းဟုပဲ ဆိုချင်ဆို၊ သမီး သိချင်သော အကြောင်းအရာ မှန်သမျှကို ကျနော် မပြောနိုင် သည်မှာ ကြာခဲ့ပါပြီ..

သမီးကို ရင်ခွင်ထဲ ပွေ့ရင်း.. တွေးနေတုံးမှာပဲ….

“ဆရာ” ဟုခေါ်ရင်း အိမ်ပေါ် တက်လာကြသော ၊ကျနော် စာသင် ပေးနေသော ကလေးတစ်စုကို ကျနော်တွေ့တော့၊

“လာကြကွာ ထိုင်ကြ..ပြီးတော့ ဆ၇ာ ဘာလုပ် ပေးရမလဲ ပြော..သားတို့ သမီးတို့”
ဟု ပြောရင်း ၊ခလေးတွေကို ကြိုနေ မိသည်။

ကလေးတွေ ဆိုပေမဲ့ အားလုံးက ကျောင်းပြီးနေပြီး အလုပ်ဝင် နေကြ သူတွေပါ။ ကျနော်က သူ တို့လေးတွေ နှင့် တခြား ၀ါသနာပါသော ကလေးတွေ အားလုံးကို ပညာဒါန English စာသင်ပေး နေတာ (၃)နှစ် ကျော်ပါပြီ။

တတ်စေချင်သော စေတနာ သက်သက်ပါ။ ပညာပါရမီ အလို့ငှာ ပေါ့လေ။ တခြားကျူရှင် မယူနိုင်သော ကလေးတွေ ကိုလည်း ကျနော် တတ်နိင် သလောက် အနွေးထွေးဆုံး ပွေ့ဖက် ဆီးကြိုခဲ့သည်။

ကျနော် ကိုယ်တိုင် ကမှ ပညာကို လောဘနဲ့ ရှာခဲ့ရ၊ ဆင်းဆင်းရဲရဲ ပညာသင်ခဲ့ ရဘူးတော့ ဒီ ကလေးတွေကို ၊ကျနော် နားလည် ပေးနိုင်သည်။ ၊စာနာပေးနိုင်သည်လေ။

ထားပါတော့လေ။ အပုပ်တွေ ဖေါ်နေရင်းနဲ့ မပြီးတော့ဘူး ဖြစ်နေမည်။

ကျနော် ခေါ်လိုက်တော့ ခလေးတွေ ၀င်လာပြီး တန်းစီထိုင်၊ ကျနော့်ကို သီတင်းကျွှတ်တိုင်း ဒီလိုပဲ ကျောင်းသားတွေ ကန်တော့ နေကြလေ။ ဆန်းမှ မဆန်းတာ။

အခုက ဆန်းနေတယ်ဗျ။ ဘာလဲ ဆိုတော့ သူတို့လေးတွေ လက်မှာ… စာအိတ်ဖြူ လေးတွေ ကိုယ်စီ နဲ့ဆိုတော့၊ ဆန်းနေတာပေါ့။ ရိပ်မိစ ပြုလာသည်။ ဒီကလေးတွေ ကိုယ်စီ.. ငွေတွေ ယူလာကြပြီ။ ၊လက်ထဲက စာအိတ်လေး တွေက ဖောင်းလို့။ ကျနော် ပြောရ ပါတော့မည်။ တားရ ပါတော့မည်။

“ကလေးတွေ အားလုံး ရိုးရိုးလေးပဲ ကန်တော့ ကြပါကွာ။ ခါတိုင်းလိုပေါ့”
ဟု ကျနော် ပြောတော့......

အသက် အကြီးဆုံး ဖြစ်တဲ့ သမီးတစ်ယောက်က....
“ဆရာ့မှာ အခက်အခဲ တွေ့တယ်လို့ ကြားတယ် သမီးတို့ ကန်တော့ ပါရစေတဲ့”

ကျနော် ၀မ်းသာသည်။ အလိုက်သိ လိမ်မာတတ်သော ခလေးတွေ အားလုံးအတွက် ကျနော် သင်ရကျိုး နပ်ပါသည်။ စာကို သာမက သူတို့ဘ၀ တွေကို ရော စိတ်ကိုပါ ကျနော် သင်နိုင်ခဲ့ ပါပြီ။ ထို့အတွက် ကျနော် ကျေနပ်ပါ၏။်။

ကျနော် အလုပ်ထွက်တာ ကို ခလေးတွေ သိပြီး ရောက်လာတာ ဖြစ်နိုင်သည်။

“သားတို့.. သမီးတို့ နင်တို့ ဆရာ ငါလေ၊ ငွေထက် ပါ၇မီကို ချစ်တယ် ဆိုတာကို နားလည်တယ် ဆိုရင် သားတို့ ပြန်ယူသွာ။ ၊ပြီးရင် စနေ၊ တနင်္ဂနွေက လွဲပြီးတော့ ၊စာသင်ချိန်မှာ ဆရာစာပြန်သင်မယ်၊ ကျေးဇူး တင်ပါတယ် ၀မ်းလည်း သာတယ်။ သားတို့ ဆရာ့ကို ချစ်ရင် ပြန်ကြတော့။'
ဟု ပြောတော့ ကလေးတွေ မျက်နှာ မကောင်းကြ။ မတတ်နိုင်။ ကျနော် လက်မခံနိုင်ပါ။ ကျနော် လို ချင်သော အသိညဏ် ရှိသော ကလေးတွေ ဖြစ်အောင် နေခြင်း တစ်ခုတည်း ပင်လျှင် သည် ခလေးများ သည် ကျနော်အား ကျေးဇူး ဆပ်ခဲ့ ပြီးပါပြီကော။ နောင် လာသမျှကို ကျနော် သင်ပါဦးမည်။ ပြောပါဦး မည်။ ပါရမီ အလို့ငှာ သာလျှင် ဖြစ်ချင် ပါသည်၊၊

ကလေးတွေ ပြန်သွာတော့ ကျနော် ကျိတ်ငို သည်မှာ.. ဘာကြောင့် လည်းတော့ ကိုယ်တိုင် မသိတော့ ။သံယောဇဉ် ပဲဖြစ်မည် ထင်သည်၊။

"ဆရာ.." လာပြန်ပြီ တစ်ယောက်။ ဆိုင်ကယ်သံ ကြားတာနဲ့ ကိုလွင်မှန်း သိသည်။ ကိုလွင်က ကုန်စုံဆိုင် ရောင်းသည်။ သူနဲ့ ကိုထွန်းဝင်းက ကျနော့်ဆီမှာ ဗေဒင်ကို အဆဲခံ အဆူခံ ပြီးသင်သည်။ ညဖက်တွေ ကျနော် ရှိရာကို တကူးတက လာပြီး သင်ကြ သူတွေ ဖြစ်၏။

ကျနော် ကိုယ်တိုင်လည်း ထိုပညာ ရပ်ကို စံနစ်တကျ သင်ခဲ့ပါသည်။ ဆရာ စဉ်ဆက်ကိုတော့ အခွင့် ကြုံသော် ပြောဖြစ်မည် ထင်၏။

“ဆရာက.. သူဌေးတူကို.. ဒူးတိုက်ပြီးမှ အလုပ်ထွက်တာ၊ လုပ်လာတဲ့(၇)နှစ်နဲ့ဆို တန်တယ်”
ဟုပြောလာတော့ ကျနော် ပြုံးဖြစ်ပြန်တယ်။

မတော်မတရား လုပ်လွန်းတော့ လည်း.. အင်း၊ ပြောရင် ပေရှည် နေမယ်နော် ဆရာဆီကို စိတ်ပူလာကြတဲ့ သူငယ် ချင်းတွေပါ တပည့် မဟုတ် ပါဘူးလေ။ ဆရာဆိုတာက တာဝန် သိပ်ကြီးတယ်လေ နော်။ ဆရာက ဆရာနဲ့ မတူရင်အပယ်ကို visa မလိုဘဲ ရောက်သွား မှာတော့ ကျနော် ကြောက်ပါသည်။

သံယောဇဉ်နဲ့ လာကြ သူများ ဆီက သံယောဇဉ် ကိုတော့ ကျနော် ယူခဲ့တယ်လေ။ ကျန်တာ တွေကတော့ ပြန်ယူသွားကြပေါ့.။
ညဖက် ကျရင် သားအဖ လမ်းလည်ပြီး အတူအိပ်ရမဲ့ သမီးကတော့ ပျော်လို့လေ ကျနော် ကျေနပ် နေတယ်လေ သမီးကို ပုံတွေ ပြန်ပြောရတော့ မှာ မို့လေ။

Tuesday, November 25, 2008

ကျနော် နှင့်ဓမ္မကောက်ကြောင်း


လွန်ခဲ့သော လက ကျနော်သည် ပိဋကတ် ကောက်ကြောင်း ကို ရေးခဲ့ရာ ရှင်းပြရန် အကြေင်းပေါင်း များစွာ ကျန်ရှိ နေပါသေးမှန်း သိသော်လည်း စာရေးရန် မအားလွန်း ဖြစ်ပြီး၊ နောက်ကျ နေခဲ့ပါသည်။ ထိုစာစုကို ကျနော် ရေးရခြင်း အကြောင်းကို၊ ကျနော် ရှင်းပြ ချင်ပါသည်၊ လွန်ခဲ့သော နှစ်နှစ်က ကျနော့် ဆီကို မိတ်ဆွေ တစ်ယောက်က ၊လက်ဆောင် ပေးလာသော စာအုပ်လေး သည် ပိဋကတ် ကောက်ကြောင်း ကို ကျနော် ရေးဖြစ်သော အကြောင်း တည်း။

Dhammakaya Foundation ,C.A, USA (2002) တွင် ကမ္ဘာ့ ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ ကို ဖိတ်ကြား သဖြင့် တက်ရောက် ဟောပြောသော မိန့်ခွန်း အဖွင့်သည်၊ ကျနော့်ံရင်ကိုကိုင်လှုပ်လိုက်၏။ သံဃာ အားလုံးကို သံဃာဟု တတန်းစားတည်း မြင်သော ဆရာကြီး ၏ မိန့်ခွန်းနိဒါန်းည် ပိဋ္ဋကတ် ကောက်ကြောင်း ကို ရေးရန် မီးစ ဟု ဆိုရလျင် အစ်ကိုကြီး မင်းဒင်၏ ဖြစ်ပျက် ရှာပုံတော် ခရီးသည်၊ ကိုသင်ကာကိုလူလ၊ ညီလေး အလှတရား နဲ့ တခြားသော၊ စာဖတ်သူ အာလုံးသည်၊ ငြိမ်းလုလု ဖြစ်နေသော၊ ထိုမီးစ၏ အားဖြည့် လောင်စာ ဟု ဆိုပါလျှင်………

ဆရာကြီး ၏ ကြည်ညို အားကျဘွယ် ကောင်းသော မိန့်ခွန်းကို ကျနော် အနည်းငယ် ကောက်နုတ် ပြ
ရလျှင်၊ စာဖတ်သူများ အကျိုးရှိမည် ဟု ထင်ပါသဖြင့်ကောက်နုတ် တင်ပြရပါမူ….

Most venerable bhikku mahasamgha, lay disciples, devotees of the Buddha, Dhamma and Samgha, this is a really great occasion that we will meet here to pay respect all the Samgha.
We see here the wonderful spectrum, the rainbow’s spectrum of the Samgha from the different countries. They are all branches of the same tree.

ထိုသို့ အားလုံးသော သံဃာတော် အရှင် သူမြတ်ကြီး အပေါင်း တို့အား ခွဲခြားမှု မရှိ တတန်းစားတည်း ထားရှိကြည်ညို နိုင်သော နှလုံးသား ကို အကျင့် တရားမပါပဲ မရနိုင်ပါ ၊တကယ် ကျင့်ပြီး တကယ် သိလာ သော “အနိစ္စ” တရားကို မသိသေး သမျှ ကာလ ပါတ်လုံး ၊ဗုဒ္ဓ သည် လည်းကောင်း၊ တရားတော် ၏အချို့သော အကြောင်းအရာ များကို လည်းကောင်း ဒဏ္ဍာရီ ဆန်သည် ဟု မှတ်ယူရင်း ၊ပယ်လိမ့် ပေမည်။

စင်စစ် ဗုဒ္ဓကို လည်းကောင်း ၊ဗုဒ္ဓ၏ သင်ကြား ချက်များ ဖြစ်သော တရားတော် ကို လည်းကောင်း ဖီလော်ဆိုဖီ သက်သက် မျှဖြင့် ချည်းကပ်ပါက၊ အမှန်ကို သိရလိမ့်မည် မဟုတ်ဟု၊ ကျနော် ပြောဝံ့ပါသည်။

ထို ယူဆချက် ကို သက်သေ ပြရန်အတွက် ၊ကျနော်သည် ကမ္ဘာ့ဗုဒ္ဓ၀ါဒ ပညာရှင် တစ်ဦး ဖြစ်သော Dr.K.Sri Dhammananda ၏ ကျမ်းစာ တစ်အုပ် ဖြစ်သော The Aim And Way Of Life အခန်း နှစ် မှ စာပိုဒ် တစ်ချို့ကို ကောက်နုတ် ရပါလိမ့်မည်။

This method is also variously known as the Middle-path, a righteous way of life, and ethico-philosophical system, a do-it-yourself method and also can be introduced as a path of freedom and reason.

အထက် ဖေါ်ပြပါ စာပိုဒ်တွင်၊ ကျနော်သည် do-it-yourself method ဟူသော စကားကို “ကိုယ်တိုင် ကျင့်မှ သိနိုင်သော နည်း” ဟုဘာသာ ပြန်ပါမည်၊ အမှားဟု ဆိုလျင် ကျနော့် တာဝန်သာ ဖြစ်၏။ ထိုစကား သည် ၊ဗုဒ္ဓနဲ့ ဓမ္မကို ယုတ္တိဗေဒ သို့ ဒဿနစံနစ် တစ်ခုတည်းဖြင့် ချည်းကပ် လေ့လာ နေကြသော အနောက်တိုင်း ပညာရှင် တချို့ သိသင့်၊ သတိမူမိ သင့်ပါသည်။

ကိုသင်ကာ ဆိုခဲ့သော ဆရာကြီး ဦးအေးမောင် ၏ ကျမ်းစာအုပ် တော်တော် များများ ကျနော့် ဆီတွင် ရှိပါသည်။ အလွန် ကောင်းပါသည်၊ လေးစာဘွယ် ဖြစ်သည်၊ ထိုစာအုပ် ကိုလွန်ခဲ့သော နစ်ကရာ ပြည့် စာအုပ် တိုက်က ပြန်ထုပ်သည် မစွန်ပါ၊ ဆရာကြီး ၏ မူလစာ များကို ဖြတ်ညှပ် လုပ်ထားသည် စိတ်မကောင်း ဖြစ်သည် ၊မထုတ်ချင် လျင် မထုတ်နဲ့။ ထုတ်ဝေမည် ဆိုလည်း မူလ အတိုင်း ဖြစ်သင့်၊ ပြန်လည် ထုတ်ဝေသင့်ပါသည်။

ဆရာကြီးက ထိုစာအုပ် တွင် အနောက်တိုင်း သုတေသီ ပညာရှင် များ၏ ဖေါ်ပြချက် များနဲ့ မြန်မာ ပညာရှင် များထဲမှ လယ်တီ ဆရာတော်ကြီး နှင့် ဆရာကြီး ဦးရွှေဇံအောင် တို့၏ ကျမ်းများကို ကိုးကားကြောင်း ရေးခဲ့သည်၊ ကောင်းပါ၏်။

သို့သော် အနောက်တိုင်း သုတေသီ တချို့က လက်မခံသော ဒဏ္ဍာရီဆန် သည့် အကြောင်း အရာ များကို ကျေးဇူးရှင် လယ်တီ ဆရာတော်ကြီးက လက်ခံ၏၊ ယုံကြည်၏၊ ထိုသို့ လက်ခံသည့် အတွက်လည်း၊ ဆရာတော်ကြီး ရေးသား စီရင်အပ် သော စက်ပရိတ် အတော် များများတွင် “စကြာင်္ဝဠာ ကမ္ဘာမြေမိုး တဖြန်းဖြန်း ကျိုးမျှ” ဟူသော တန်းခိုးတော် ဆိုင်ရာ အမွမ်းကို ထည့်ခဲ့ဟန် တူသည်။

ဝေဘူ ဆရာတော် ဘုရားကြီး ပြောဘူး သည်ကို မှတ်ရ သမျှ ပြန် ပြောပြရ လျှင် “ ဒို့များကို ဟိုလက်နက်ဒီလက်နက်နဲ့ ပစ်မယ် လို့ပြောနေ ကြတယ် ၊ဒါပေမဲ့ ဒို့များက၊ ဒီနေ့ ရပ်ဟေ့ ဆိုရင်တော့ အကုန် ရပ်ရမယ်” ဟု ပြောတာကို တိတ်ခွေ နာရဘူး ဖတ်ရဘူး ပါသည်၊။

ထိုနေရာတွင် ကျနော် အနောက်တိုင်း သုတေသီ များကို အပြစ် ပြောနေခြင်း မဟုတ်ပါ၊ဗုဒ္ဓ ၀ါဒကို ၊ဘုရာ.းအလိုတော်ကျ လက်ခံ ရေးသား သော အနောက်ဖက် ပညာရျင် တချို့၏ စာများကို ကျနော် လက်လှမ်း တမှီ ဖတ်ဖူးပါသည်၊။

ကျနော် တို့ မြန်မာ့ ဗုဒ္ဓ၀ါဒ ပညာရှင် ကြီး များသည်၊ ဓမ္မကို ချည်းကပ် ရာတွင်၊ ၀ိဇ္ဇာ(အသိ)နဲ့(စရဏ)အကျင့်ကို ထပ်တူ ပေါင်းစည်း ချည်းကပ်ပြီး အနောက် ပညာရျင် အတော် များများသည် ၀ိဇ္ဇာ (အသိ) တစ်ခု တည်းဖြင့် ချည်းကပ် နေသည်ကို တွေ့ရပါမည်။
မည်သို့သော ချည်းကပ်နည်း က ပိုကောင်းသည် ဆိုသည် ကိုမူ မိမိဘာသာ ဆုံးဖြတ် ရပါလိမ့်မည်။

ဆက်ရန်……

Saturday, November 22, 2008

ကြိုးနဲ့စွန်

ခုတလော စာရေးဖို့စိတ်ကို အတော် မွေးယူ နေရတယ်။ လေ။ တကယ် ရေးမယ် ဆိုတော့ ခေါင်းထဲမှာ ဘာမှမရှိသလိုပဲ။ ခံစားနေရတယ်။ စိတ်လေ နေတာလဲ ပါမယ်၊ ပျက်နေတာလဲ ပါမယ်ထင်ပါရဲ့။ ဒီတော့ ခံစားချက် အဟောင်းလေး ကိုပဲ၊ ပြန်တင် လိုက်တယ် ခွင့်လွှတ်ကြပါဗျာ။


တစ်ခါတစ်လေ...ဝေဟင်ထိုးဖေါက်
မိုးရောက်အောင်သွား...ငှက်များဘုရင်
လင်းယုန်ရှင်လို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရှင်နေမင်းနား
ခစားဝပ်စင်း...တိမ်ကိုခွင်းတဲ့
သိမ်းငှက်မင်းလို...ဖြစ်ချင်တယ်။
တစ်ခါတစ်လေ...ရေပေါ်လှိုင်းစီး
ဲပြီးတော့ထပျံ...မိုးသားထံပျော်
မုန်တိုင်းစင်ယော်...ဖြစ်ချင်တယ။်
ဒါပေမဲ့...ကွယ်
ငါပျံပါလဲ...မိုးသားထဲတက်
ပင့်သက်ခဏ...တစ်ချမျှသာ
ဆင်းရပြန်ပြီ...နဖားသီဖွဲ့
ကြိုးနဲ့စွန်လေ...ကြိုးနဲ့စွန်။

Wednesday, November 5, 2008

မေလေးသို့ပေးစာများ(၅)သို့(ပိဋကတ်ကောက်ကြောင်း)



မေလေး

ငါတို့ ပြောခဲ့ကြတာ တွေဟာ ငါတို့ ပြောနေ ကြတာဟာ တလောကလုံး အတွက် အရေးကြီးတယ်လို့၊ ငါ မပြောရဲ ပေမဲ့ မာယာကင်းတဲ့ အလင်းဆုံး လူ ဖြစ်အောင် သွားတဲ့ လမ်းစဉ် တစ်ခု အတွက်မှာတော့၊ ငါပြောခဲ့ တာတွေဟာ၊ သဲတစ်မှုံ လောက်တော့ အထောက်ကူ ပြုပါလိမ့်မယ် လေ၊ ဟုတ်တယ်နော။် မေလေးရေ ..ငါတို့ အသိပညာ ကို ချဲ့ထုတ် ရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ အသိပညာ တောင်ပံ မပါ ဘဲ အမြင့်ဆုံး ကို ငါတို့ မပျံနိုင်ဘူးလေ၊ ပျံမဲ့ ပျံတော့လည်း ယောနသံလို အမြင့်ဆုံးကိုပဲ ပျံတက်ရမှာ ဒီတို့ငါတို့မှာအင်အားပြည့်တဲ့တောင်ပန်တစ်စုံတော့လိုလိမ့်မယ်၊ဖန်းဆင်းလိုမရဘူးဟ၊ ဒါကို ငါတို့
ကိုယ်တိုင် က တည်ဆောက် ရမယ်။ ဘယ်သူမှ လာပြီး ရော့အင့် လ၊ို့ မပေးဘူး၊ အသိပညာ နဲ့အ တတ် ပညာ တောင်ပန် တစ်စုံလေ၊ ဒီတောင်ပံ တစ်စုံရဲ့ ဖေါင်ဒေးရှင်း က၊ အကြောင်းနဲ့ အကျိုးကို ရှာဖွေခြင်း ပဲ၊ ဥပမာ အကြောင်းရာ တစ်ခုကို ငါတို့က ကောင်းတယ်လို့ သတ်မှတ်ရင်၊ ကောင်းရတဲ့ အကြောင်း အရင်းကိုရှာဖို့၊ ဘယ်လို ကောင်းတာလဲ ဆိုတဲ့ မေးခွန်းကို ရဲရဲ မေးဖို့ မမေ့သင့်ဘူး၊ ဘာ ကြောင့် ကောင်းတာလဲ ဆိုတဲ့ မေးခွန်း ကိုလည်း သတိရသင့် ပါတယ်၊ ရမ်းပြီး ကောင်းနေ သမျှတော့ ငါတို့ဟာ တောင်ပံ ရှိပြီး မပျံနိုင်တဲ့ ငှက်ကုလားအုပ်ပဲ ဖြစ်မယ်နော်၊ အဲလိုပဲ မကောင်းဘူး ဆှို်တော့ ဒီ မကောင်းရတဲ့ အကြောင်း ကိုတော့ ရှာသင့် သိသင့် ပါတယ်နော၊ ဒီတော့ ငါတို့ ငှက်ကုလားအုပ် လား ယောနသံလား၊ စိတ်ကြိုက် ရွေးပြီး လျှောက်ပါ။

အမြင့် ပျံချင်တော့ ပင်ပန်းတယ်ဟ၊ အစုန်လမ်းက အားမစိုက်ရဘူး သက်သာတယ်၊ အဆန်လမ်း ကတော့ အားစိုက် ရတယ်လေ၊ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် လောက ကောင်းကျိုး အတွက် သံသရာ ယစ်ပလ္လင် မှာ စတေး ပစ်ရဲတဲ့သတ္တိရှိရမယ် မေလေး၊ လောက အကျိုးနဲ့ ကိုယ့်အကျိုး ယှဉ်လာရင်..ငါ ပြောချင်တယ်ဟာ …ငါတို့ကိုယ် ငါတို့ မေ့ပစ်လိုက်ပါ၊ လို့နော် သတ္တိ မွေးပါ ခလေးရေ ကိုယ့်အတ္တ ကို၊ ကိုယ် မေ့ပစ်ဖို့လေ၊ မေ့ပစ်ဖို့ မကြိုးစား နိင်သေးပဲ တခါတည်း သတ်ပစ်ဖို့ ကြိုးစား နေတာဟာ ငါတို့ သာမန်လူ အတွက် အဆင့်ကို ကျာ်တက် နေတာပါ၊ အစဉ်အတိုင်း လျှောက်ရမဲ့ လမ်း တစ်ခုကို ဖြတ်လမ်းကနေ သွားနေ တာပါနော်။ ဒါပေမဲ့ ဘ၀ပေါင်းများစွာ ပါရမီ ဖြည့်ကျင့် လာကြတဲ့ ပါ၇မီ ရှင် တွေ ကတော့ ရကြ ပါလိမ့်မယ်လေ၊ ဖြတ်ကျော် နိုင်တဲ့ ညဏ်ကပါပြီးသားကိုး၊ငါတို့လိုသာမန်လူ တွေ အတွက် ကတော့၊ အစဉ်အတိုင် လျှောက်တာ ကောင်းပါတယ်။

တကယ်တော့မေလေးရေ..

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေဟာ၊ ကြီးကျယ် ခံ့ညား ဆန်းပြား လွန်းတော့၊့ အတိမဟာ ဂ မ္ဘီရ ပါ၊ လိုက်လေ နက်လေ ဆန်းပြားလေ၊ ဘုရား၊ တရား၊ သံဃာတော် တွေကို ပိုပြီး ကြည်ညို လာလေပဲ၊ ငါလည်း တတ်နိုင်သလောက် လေး ကြိုးစား ကြည့်တော့၊ ငါတို့ တိုင်းပြည်မှာ ဖေါ်ပြမှု နည်းတဲ့ တစ် ခြားသော ပိဋကတ် တော်တွေကို သွားတွေ့တယ်၊ ဘာတွေလဲ ဆိုတော့၊ ငါတို့ ဘု၇ားရဲ့ စကားတွေ ကို စုဆောင်း ထားတာ၊ ပါဠိ ပိဋကတ်တော် အပြင် နောက်ထပ် သိရ တာကတော့

သက္ကဋပိဋကတ်တော်
တိဗက်ပိဋကတ်တော်
တရုပ်ပိဋကတ်တော်
မွန်ဂိုလိယံပိဋကတ်တော်
မန်ချူးရီးယားပီဋကတ်တော်

ဆိုပြီးတော့ ဘာသာ ခြောက်မျိုး ရှိကြောင်းကို တွေ့ရတယ် လေ၊ဒါပေမဲ့ မွန်ဂိုနဲ့မန်ချူးရီးယား မှာ ရှိနေကြတဲ့ ပိဋကတ်တော် တွေက၊ တရုပ်နဲ့ တိဗက် ပိဋကတ်တော် တွေက ဘာသာပြန် ကျမ်းတွေ ဖြစ်နေတော့၊ သီးခြား မရေးရင်လည်း ရပါတယ်။

ကျန်တဲ့ ပိဋကတ်တော် လေးမျိုး အကြောင်းကို သိသလောက် ပြောရရင်တော့။

ပါဠိပိဋကတ်တော်
ဒါက မြန်မာပြည်မှာ ရှိပြီးသားအများစုလည်းသိပြီးသားလေ၊သိသင့်သလောက်တော့ရှေ့ကစာ မှာနည်းနည်း ရေးပြခဲ့ပြီးပြီ လေနော်။

သက္ကဋပိဋကတ်တော်(ဟိနယာနဂိုဏ်းသုံး)
ဒီနေရာမှာ နည်းနည်းလေး ပြောချင်တာက အစက ထေရ်ရ၀ါဒကို ဟိနယာန လို့ အသိများတယ်။ နောက် ဟိနယာန တဂိုဏ်း ထပ်ကွဲ လာတဲ့အခါ၊ မူလ ဟိနယာန ဟာ(ထေရ၀ါဒ) ဖြစ်လာတာပါ ။ ဒီအစဉ် အဆက် ဆောင်လာတဲ့ ပါဠိ ပိဋကတ် တော်တွေဟာ၊ ရှေးက သံဃာတော် မြတ်ကြီး တွေက လုံးဝ မယွင်းအောင် အသက်နဲ့ လဲပြီး သယ်ဆောင် လာခဲ့ကြလို့ ငါတို့ အခု ပူဇော် နိုင်တာ ပါနော်။ ငါတို့ ရခဲ့တာဟာ အမှန်ကန်ဆုးံ ပိဋကတ်ပါ၊ ဘုရားဟော စင်စစ်ပါ၊ ကျေးဇူးကြီးလှတဲ့ သံဃာတော်တွေ လေ။

ဒီကနေ ခွဲထွက်သွားတဲ့ ဟိနယာန ၈ိုဏ်းသား တွေကျတော့(သဗ္ဗာထိဝါဒ) ဂိုဏ်း ကျတော့ ပိဋကတ်တော် တွေကို အကုန်လုံး သက္ကဋ လို ပြန်တော့ တာပဲ၊ အဲဒီလို ပြန်ရတဲ့ အကြောင်းရင်း ကို ပြောရမယ် ဆိုရင်တော့ စာက ရှည်နေ လိမ့်မယ်၊ ဒါပေမဲ့ လာမဲ့စာတွေမှာ ပြောမယ်လေ ။ အဖွင့်အဌကထာ ကျမ်းတွေလည်း သက္ကဋလို ပြန်ခဲ့တယ်လေ၊ ကနေ့ခေတ်မှာ မူရင်း သက္ကဋ ပိဋကတ်တွေ မတွေ့နိင်တော့ သလောက် ဖြစ်နေပြီ၊ ဒါပေမဲ့ မူရင်းအတိုင်း မဟုတ်ပဲ၊ ဒီက ဘာသာပြန် ထားတဲ့ တရုပ် ပိဋကတ်၊ တိဗက်လို ပြန်ထားတဲ့ ဒီကျမ်းစာက ရှိနေတုံးပဲ လို့ သိရတယ်။ အဲလို ဂိုဏ်း ခွဲထွက် ခြင်းဟာ ၊မဟာယာန နဲ့ ထေရ၀ါဒရဲ့ကွဲပြားလာခြင်း ရဲ့အစလို့ ဆိုနိုင်တယ်။

အခု ပြောပြတဲ့ ဟိနယာန ဂိုဏ်းမှာ ထေရ၀ါဒ လိုပဲ ၀ိနည်း၊ သုတ္တံ၊ အဘိဓမ္မာ ဆိုပြီး ပိဋကတ် သုံးပုံရှိ နေပေမဲ့ သုတံ္တ့နဲ့ ၀ိနည်း ပိဋကတ်က၊ ထေရ၀ါဒနဲ့အရမ်း တူပေမဲ့၊ အဘိဓမ္မာ ပိဋကတ် ကတော့ လုံးဝ ကွဲပြား နေတယ်၊ ဘာလဲ ဆိုတော့ အဘိဓမ္မာ(ရ)ကျမ်းခြင်း တူပေမဲ့၊ ထေရ၀ါဒက လက်ခံထားတဲ့ ကထာဝတ္ထုကို သူတို့က ပယ်တယ်၊ ပြီးတော့ ဒီဂိုဏ်းက ပညာရှင်တွေက အဘိဓမ္မာ ပိဋကတ်ဟာ ဘုရားဟော စင်စစ် မဟုတ်ဘူး၊ တတိယ သင်္ဂါယနာ မတင်မီ အချိန် လောက်မှာ ရေးတယ်လို့ ဆုံးဖြတ် တာလဲ ပါတယ်။ အကြောင်းပြချက်ကတော့ ဗုဒ္ဓ၀ါဒမှာ ဂိုဏ်းတွေ ကွဲလာတော့၊ ဂိုဏ်း အသီးသီးက ပညာရှင် တွေက မိမိတို့ ဂိုဏ်းထဲကို၊ ယန္တရ၊ တန္တရ၊ ဗြဟ္မာဏ တွေ ရောယှက် လာမှာ စိုးတာကြောင့် ခက်ခဲ နက်နဲတဲ့ ဒီအဘိဓမ္မာ ကျမ်းတွေကို ရေးတယ်လို့၊ ဒီ ဂိုဏ်းသား တွေက ယုံတယ်၊ သာသနာ သက္က၇ာဇ် (၁၀၀)ကျော် (၂၀၀) မှ ပေါ်လာတယ် လို့လည်း ဆိုတယ်။ အလားတူပဲ မဟာယာန ဂိုဏ်းသား တွေကလည်း ငါတို့မှာ ရှိနေတဲ့ အဘိဓမ္မာ ကျမ်းကို ဘုရား ဟောတာ မဟုတ်ဘူးလို့ ပြောဆို ယုံကြည်ကြတယ် လေ။ လက်ခံတဲ့ ဂိုဏ်းတွေ ရှိတာပေါ့။ နောက်စာ တွေမှာ ပြောမယ် တော် ပြီ။ ၊ပြီးတော့ သဗ္ဗထိဝါဒီဂိုဏ်းက လက်ခံတဲ့ အဘိဓမ္မာကျမ်းတွေ အကြောင်းလည်း ပြောမယ်လေ။

ငါ့အမြင်ကို ပြောမယ်နော်၊ ဘာဖြစ်လို့ လဲ ဆိုတော့ ဒီအဘိဓမ္မာ တရားရဲ့ နက်နဲပုံက စာဖွဲလို့မရ တော့ဘူး လောက၇ဲ့ အပြင်ဘက် ရောက်သွားပြီ၊ တတ်ချင်ရင် သင်လို့ ရပေမဲ့ တကယ် သိချင်ရင် တော့ ခန္ဓာနဲ့ သင်ညဏ် တင်ပေးမှ ဖြစ်မှာပါ ..ငါသိသလောက်လေး ပြောတာနော်၊ ငါဟာ ဘာမှ ဟုတ်ဘူးဟ၊ နင့်ကို တော်စေ တတ်စေ ချင်တဲ့ သာမန်လူ ပါပဲ။

ဥပမာ …ဒီအဘိဓမ္မာ ထဲမှာ ပါတဲ့ မဟာပဌန်း ဒေသနာတော်မှာ၊ စိတ်ရဲ့ အလုပ်လုပ်ပုံကို ပြောထား တာလေ၊ တကယ်တော့ သိနေပြီးသား တွေပဲ၊ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်တာ၊ အကုသိုလ်ကြောင့် ကုသိုလ် ဖြစ်တာတွေဟာ သိမ်မွေ့လွန်းတဲ့ နာမ်တရား စိတ်ရဲ့ အလုပ်ပါလေ။

ပျင်းနေပြီလား မေလေး? သည်းခံပြီး ဖတ်ပါဟာ၊ ငါပြောခဲ့ သလိုပေါ့၊ ငါတို့ရဲ့ အသိနဲ့ ပညာကို ကန့်သန့်မှု ဘောင်ကို စပြီး ချိုးဖျက်မဲ့ “အသိညဏ် တော်လှန်ရေး” တစ်ခုကို လုပ်မှ ဖြစ်မယ်လေ၊ မ ဟုတ်ရင် ကျန်ခဲ့ ကြမှာပါ၊ ဟုတ်ပြီနော်။ ငါလည်း တတ်နိင် သလောက် ပြောပြ နေမှာပါ၊ ငါတို့တစ်တွေ အတူတူ ပိဋကတ်တော် တွေကို ဆက်ကြည့် ကြမယ်၊ ဒီလိုမှ ငါတို့ ရထားတဲ့ အလွန် မှန်ကန်တဲ့ မူရင်း ပိဋကတ် တော်တွေကို၊ ပိုပြီး တန်ဖိုး ထားတတ် လာမှာပါလေ။

ဒီတော့ ခုနက စကားကို ပြန်ဆက် ရရင်၊ စိတ်အလုပ်၊ စိတ်ရဲ့ ဖြစ်ပျက် စဉ်ကို ဟောထားတဲ့ အဘိဓမ္မာကျမ်း တွေကို မဟာယာန ဂိုဏ်းသား တွေ လက်မခံ နိင်တာ မဆန်းဘူးလေ၊ မေးစရာတွေ ကရှိလာ တယ်၊ ဘာလဲ ဆိုတော့… .မဟာယန တွေမှာကော စိတ်ပိုင်း ဆိုင်ရာ ကျင့်စဉ်တွေ မရှိဘူးလား ဆိုရင် ရှိတယ်၊ ဒါပေမဲ့ သူတို့ ရှိတာက သီလနယ်နဲ့ သမာဓိ နယ်မှာ လမ်းက ဆုံးနေတယ်၊ ပညာ နယ်ကို သွားဖို့က၊ ၀ိပဿနာ ညဏ် မဆိုက်ပဲ မဖြစ်ဘူးလေ၊ ဒီအဘိဓမ္မာ ကို ဟောထား တာက ၀ိပဿနာ ကိုပွားပြီး ဖြစ်လာတဲ့၊ မဟာဝဇီရ ညဏ်တော် နဲ့ငါတို့ ဘုရား ဟောခဲ့တာ၊ ဟုတ်ပြီ ကျမ်းအားဖြင့် ပြုစုတဲ့ပုဂ္ဂိုလ် တွေ ကလည်း မဟာဝိပဿနာ ပညာကို လမ်းဆုံး လိုက်ထားပြီး တဲ့ လူမြတ်ထေရ်မွန် သံဃာတော် တွေ၊ ဘုရားဟော မဟုတ်ပဲ ဘုရားဟောလို့ မုသာဝါဒ ကံကို စိတ်နဲ့တောင် ကျူးလွန်မှာ မဟုတ်ဘူးလေ၊။

အလားတူပဲ မဟာယာန ကိုယ်တော်၊ ရဟန်းတော် တွေထဲမှာ ရော လူတွေ ထဲမှာပါ၊ ကိုယ်ကျင့် သိက္ခာကို တန်ဖိုးထားပြီး၊ သူတို့ယုံကြည်ရာ သံသရာ ထွက်ရပ်ကို၊ လိုက်နေ သူတွေ၊ ဧကစာရီ ကျင့်နေ သူတွေ ရှိနေ သေးတယ်လေ၊ ကနေ့ ခေတ်သိပ္ပံက မပြောနိင်သေးတဲ့ နက်နဲ့တဲ့ လောကီင်္ သမထ ပညာရပ်တွေ ရှိနေ သေးတယ် လေ၊နောက်စာတွေ မှာတော့ အခန့်သင့်ရင် ရှင်းပြနိုင်ကောင်းပါရဲ့။

မေလေးနဲ့တကွအားလုံး
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

Saturday, November 1, 2008

မေလေးသို့ပေစာများ(၄)


မေလေးရေ
ဘ၀ဆိုတာ အိမ်မက် တစ်ခုပါပဲ၊ အိပ်ပျော် နေတုံး မှာတော့၊ မက်နေတဲ့ အိမ်မက်က၊ သစ္စာပေါ့ ဒါပေမဲ့ အိပ်မက်က နိုးထ လာတဲ့အခါ၊ အိမ်မက် ဟာ မာယာ ဖြစ်သွား တော့တာ ပဲလေ၊ အခု ငါတို့က အိပ်မက် မက်နေကြ သူတွေပေါ့၊ ဆုပ်ကိုင် သိမ်းပိုက်လိုတဲ့ ဆန္ဒန၊ဲ့ နောက်ပြီးတော့ မောဟတွေ ပြည့်နေတဲ့ နှလုံးသားနဲ့၊ ပြီးရင် တစ်ကိုယ်လုံး ပျံ့နံ့နေတဲ့ လောဘသွေး ကို ပိုင်ဆိုင်တဲ့ ရုပ် တစ်ခုနဲ့လေ၊ အိပ်မက် ကိုယ်စီပေါ့နော်၊ ဘယ်တော့မှ အိပ်မက်က နိုးထမလဲ? လို့ မေးလာရင်တော့၊ ဖြေရခက်ပြီ လေ၊ ငါတို့က မာယာဘုံ မှာ ပျော်မွှေ့ နေသူတွေ လေ၊ အတု မာယာကို၊ အစစ် သစ္စာ လို့ ထင်ပြီးကိုး ကွယ် နေတုံးလေ…၊ မဟုတ်ဘူး လို့ မပြောနဲ့လေ၊ တစ်ခါတုံးက မျက်လည့်ဝိုင်း တစ်ခုမှာ၊ မျက်လည့် ဆရာက ကြက်တွန်သံ လုပ်ပြတာကို လူတွေ သဘောကျပြီး လက်ခုပ်လေး တွေ တီးလို့၊ နောက် တစ်ခါ ဒီမျက်လည့် ဆရာက မျောက်လို အော်ပြတာ တကယ့် မျောက်အော်တဲ့ အတိုင်းပဲ၊
လူတွေ သဘောကျ လိုက်တာနော်၊ ပိုက်ဆံတွေ ဟိုကပေး ဒီကပေး နဲ့ တော်တယ်ပေါ့။ ဟုတ်ပြီ တောထဲ ရောက်ဘူးလား? တိရိစ္ဆာန်ရုံတော့ ရောက်ဖူးမှာပါ၊ တကယ့်မျောက်တွေ အော်တာ ကျတော့ နားပူတယ်၊ နားငြီးတယ် ပေါ့ မြန်မြန် မျောက်ရုံရှေ့ ကထွက်ပြီး တစ်ခြား နေရာကို သွားကြ တယ်လေ၊ လူက မျောက်လို အော်တော့ သဘောကျ လိုက်တာ၊ မျောက်က မျောက်လို အော်တော့ နားပူလိုက်တာဟာ လူတွေရဲ့ မာယာကို ဖက်တွယ်မှု ပြယုဂ်ပေါ့၊ မဆန်းဘူးလေ ပုထုဇဉ်ကိုးနော် မေလေးရေ အိမ်မက်က နိုးထချင်ရင် တော့ ငါတို့ရဲ့ ရှိရင်းစွဲ မွေးရာပါ ပြောတိုင်းယုံ အကုန်ယူ ဆိုတဲ့ အတွေးဟောင်း ကို တော်လှန်ရမှာလေ၊ ငါတို့ ညဏ်ကို ချဲ့ထုတ်ရမယ်၊ အသိကို ဆန့်ထုတ်ရမယ်၊ ပညာ ကို ရှာရမယ်၊ ပညာကို သုံးပြီး ပညတ်ကို ဖေါက်နိုင်မှ အမှန်သစ္စာကို တွေ့မယ်၊ ဒါမှ အိမ်မက်ကနိုး ပြီးတော့ ပကတိတရားကို (REALITY)ကို တွေ့မှာပါ။

မေလေးရေ
ပကတိ အရှိတရား ကို တွေ့ဖို့ ပြောတော့ လွယ်တယ်၊ လုပ်တော့ ခက်တယ်ဟ၊ တကယ့်ကို ခဲ ရာခဲဆက်ကြိုးစား ရမှာလေ၊ ဒါကြောင့်လည်း ဘုရားမပွင့်မှီ အချိန်ကာလက အိန္ဒိယမှာ အယူဝါဒ ပေါင်း သောင်းခြောက်ထောင် နဲ့ ဘုရားတွေ အများကြီး ဖြစ်လာခဲ့တာပေါ့။
့်
ပြီးတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးမှာ တစ်ခါ၊ ဘုရား ဟောထားတဲ့ လမ်းစဉ် တွေကို မူတည်ပြီး သီအိုရီ သက်သက်နဲ့ ဆုံးဖြတ် ကြတာနဲ့ မဟာယာန ဂိုဏ်းတွေ ပေါ်လာ ကြတာပဲလေ၊ တကယ်က မြတ်စွာဘုရားရဲ့ တရားတော် တွေဟာ အသိနဲ့ ထပ်တူ ညီတဲ့ အကျင့်၊ အကျင့်နဲ့ ထပ်တူညီတဲ့ အသိနဲ့ ဆည်းပူးမှ ပကတိ ဆိုလိုရင်း ကို ငါတို့ သိလိမ့်မယ်၊ မဟုတ်ရင်တော့ မရဘူးဟ၊ ပိဋကတ် တော်တွေရဲ့သိမ်မွေ့မှု အနှစ်သာရဟာ၊ စာအုပ်တွေရဲ့အပြင်ဖက်၊ ငါတို့ရဲ့ မွေးသေ သံသရာ မျက်ရည် လောကရဲ့ တဖက် မှာပဲ ရှိတာ ပါဟာ၊ ငါမှတ်မိ သေးတယ် ငါငယ်တုံးက ဆရာတော်ကြီး သုဿန် ဆရာ
တော် ဘုရားကြီး သီးဇာဂယျ ဆုံးမတာကို

ဘာလဲဆိုတော့
"လိုက်မဲ့ လိုက်ရင် အဆုံးထိလိုက်၊ ဇစ်မြစ်ထိလိုက် ဒါမှ နင်နည်းနည်းလေး သိမယ်” တဲ့လေ၊ ငါလည်း ကြိုးစား နေဆဲပါဟာ၊ ငါသိတာက သူတော်ကောင်း ပညာရှင် တွေရဲ့ခြေဖ၀ါးအောက်က ခြေမှုံ့
လောက လေးပါ်၊ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ကလည်း စကားလုံး တွေရဲ့ ဇစ်မြစ်ထိ သွားတဲ့ဆရာ။ ရေးထားတာကို “ခပ်သိမ်း ကလျာ ရှုဖွယ် သာတည်း” ဆိုတဲ့ စာအုပ်မှာ ငါ ဖတ်ရ တယ်လေ။

မေလေးရေ
စာက ရှည်နေပြီနော် ။ ပြောချင်တာက ရှိသေးတယ်ဟ၊ ငါ ပြောချင်တာက ငါတို့ရဲ့ ပြောတိုင်းယုံ၊ ရ တာ အကုန်ယူ ဆိုတဲ့ အတွေးကို မောင်းထုတ်ဖို့ ငါတို့ အသိညဏ် တော်လှန်ရေး သစ် တစ်ခု အစပျိုးရ လိမ့်မယ်လေ၊ ဒီတော့ ငါက နောက်စာတွေမှာ ငါတို့ အသိနည်းတဲ့ မဟာယာန ပိဋကတ်တော်တွေ အကြောင်းကို ပြောပြရ မလားလို့ တွေးနေပါ၊ ဖတ်ချင် ရင်တော့ ပြောပါနော်
မေလေး အသိကြွယ်ပါစေ