Saturday, November 1, 2008

မေလေးသို့ပေစာများ(၄)


မေလေးရေ
ဘ၀ဆိုတာ အိမ်မက် တစ်ခုပါပဲ၊ အိပ်ပျော် နေတုံး မှာတော့၊ မက်နေတဲ့ အိမ်မက်က၊ သစ္စာပေါ့ ဒါပေမဲ့ အိပ်မက်က နိုးထ လာတဲ့အခါ၊ အိမ်မက် ဟာ မာယာ ဖြစ်သွား တော့တာ ပဲလေ၊ အခု ငါတို့က အိပ်မက် မက်နေကြ သူတွေပေါ့၊ ဆုပ်ကိုင် သိမ်းပိုက်လိုတဲ့ ဆန္ဒန၊ဲ့ နောက်ပြီးတော့ မောဟတွေ ပြည့်နေတဲ့ နှလုံးသားနဲ့၊ ပြီးရင် တစ်ကိုယ်လုံး ပျံ့နံ့နေတဲ့ လောဘသွေး ကို ပိုင်ဆိုင်တဲ့ ရုပ် တစ်ခုနဲ့လေ၊ အိပ်မက် ကိုယ်စီပေါ့နော်၊ ဘယ်တော့မှ အိပ်မက်က နိုးထမလဲ? လို့ မေးလာရင်တော့၊ ဖြေရခက်ပြီ လေ၊ ငါတို့က မာယာဘုံ မှာ ပျော်မွှေ့ နေသူတွေ လေ၊ အတု မာယာကို၊ အစစ် သစ္စာ လို့ ထင်ပြီးကိုး ကွယ် နေတုံးလေ…၊ မဟုတ်ဘူး လို့ မပြောနဲ့လေ၊ တစ်ခါတုံးက မျက်လည့်ဝိုင်း တစ်ခုမှာ၊ မျက်လည့် ဆရာက ကြက်တွန်သံ လုပ်ပြတာကို လူတွေ သဘောကျပြီး လက်ခုပ်လေး တွေ တီးလို့၊ နောက် တစ်ခါ ဒီမျက်လည့် ဆရာက မျောက်လို အော်ပြတာ တကယ့် မျောက်အော်တဲ့ အတိုင်းပဲ၊
လူတွေ သဘောကျ လိုက်တာနော်၊ ပိုက်ဆံတွေ ဟိုကပေး ဒီကပေး နဲ့ တော်တယ်ပေါ့။ ဟုတ်ပြီ တောထဲ ရောက်ဘူးလား? တိရိစ္ဆာန်ရုံတော့ ရောက်ဖူးမှာပါ၊ တကယ့်မျောက်တွေ အော်တာ ကျတော့ နားပူတယ်၊ နားငြီးတယ် ပေါ့ မြန်မြန် မျောက်ရုံရှေ့ ကထွက်ပြီး တစ်ခြား နေရာကို သွားကြ တယ်လေ၊ လူက မျောက်လို အော်တော့ သဘောကျ လိုက်တာ၊ မျောက်က မျောက်လို အော်တော့ နားပူလိုက်တာဟာ လူတွေရဲ့ မာယာကို ဖက်တွယ်မှု ပြယုဂ်ပေါ့၊ မဆန်းဘူးလေ ပုထုဇဉ်ကိုးနော် မေလေးရေ အိမ်မက်က နိုးထချင်ရင် တော့ ငါတို့ရဲ့ ရှိရင်းစွဲ မွေးရာပါ ပြောတိုင်းယုံ အကုန်ယူ ဆိုတဲ့ အတွေးဟောင်း ကို တော်လှန်ရမှာလေ၊ ငါတို့ ညဏ်ကို ချဲ့ထုတ်ရမယ်၊ အသိကို ဆန့်ထုတ်ရမယ်၊ ပညာ ကို ရှာရမယ်၊ ပညာကို သုံးပြီး ပညတ်ကို ဖေါက်နိုင်မှ အမှန်သစ္စာကို တွေ့မယ်၊ ဒါမှ အိမ်မက်ကနိုး ပြီးတော့ ပကတိတရားကို (REALITY)ကို တွေ့မှာပါ။

မေလေးရေ
ပကတိ အရှိတရား ကို တွေ့ဖို့ ပြောတော့ လွယ်တယ်၊ လုပ်တော့ ခက်တယ်ဟ၊ တကယ့်ကို ခဲ ရာခဲဆက်ကြိုးစား ရမှာလေ၊ ဒါကြောင့်လည်း ဘုရားမပွင့်မှီ အချိန်ကာလက အိန္ဒိယမှာ အယူဝါဒ ပေါင်း သောင်းခြောက်ထောင် နဲ့ ဘုရားတွေ အများကြီး ဖြစ်လာခဲ့တာပေါ့။
့်
ပြီးတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးမှာ တစ်ခါ၊ ဘုရား ဟောထားတဲ့ လမ်းစဉ် တွေကို မူတည်ပြီး သီအိုရီ သက်သက်နဲ့ ဆုံးဖြတ် ကြတာနဲ့ မဟာယာန ဂိုဏ်းတွေ ပေါ်လာ ကြတာပဲလေ၊ တကယ်က မြတ်စွာဘုရားရဲ့ တရားတော် တွေဟာ အသိနဲ့ ထပ်တူ ညီတဲ့ အကျင့်၊ အကျင့်နဲ့ ထပ်တူညီတဲ့ အသိနဲ့ ဆည်းပူးမှ ပကတိ ဆိုလိုရင်း ကို ငါတို့ သိလိမ့်မယ်၊ မဟုတ်ရင်တော့ မရဘူးဟ၊ ပိဋကတ် တော်တွေရဲ့သိမ်မွေ့မှု အနှစ်သာရဟာ၊ စာအုပ်တွေရဲ့အပြင်ဖက်၊ ငါတို့ရဲ့ မွေးသေ သံသရာ မျက်ရည် လောကရဲ့ တဖက် မှာပဲ ရှိတာ ပါဟာ၊ ငါမှတ်မိ သေးတယ် ငါငယ်တုံးက ဆရာတော်ကြီး သုဿန် ဆရာ
တော် ဘုရားကြီး သီးဇာဂယျ ဆုံးမတာကို

ဘာလဲဆိုတော့
"လိုက်မဲ့ လိုက်ရင် အဆုံးထိလိုက်၊ ဇစ်မြစ်ထိလိုက် ဒါမှ နင်နည်းနည်းလေး သိမယ်” တဲ့လေ၊ ငါလည်း ကြိုးစား နေဆဲပါဟာ၊ ငါသိတာက သူတော်ကောင်း ပညာရှင် တွေရဲ့ခြေဖ၀ါးအောက်က ခြေမှုံ့
လောက လေးပါ်၊ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ကလည်း စကားလုံး တွေရဲ့ ဇစ်မြစ်ထိ သွားတဲ့ဆရာ။ ရေးထားတာကို “ခပ်သိမ်း ကလျာ ရှုဖွယ် သာတည်း” ဆိုတဲ့ စာအုပ်မှာ ငါ ဖတ်ရ တယ်လေ။

မေလေးရေ
စာက ရှည်နေပြီနော် ။ ပြောချင်တာက ရှိသေးတယ်ဟ၊ ငါ ပြောချင်တာက ငါတို့ရဲ့ ပြောတိုင်းယုံ၊ ရ တာ အကုန်ယူ ဆိုတဲ့ အတွေးကို မောင်းထုတ်ဖို့ ငါတို့ အသိညဏ် တော်လှန်ရေး သစ် တစ်ခု အစပျိုးရ လိမ့်မယ်လေ၊ ဒီတော့ ငါက နောက်စာတွေမှာ ငါတို့ အသိနည်းတဲ့ မဟာယာန ပိဋကတ်တော်တွေ အကြောင်းကို ပြောပြရ မလားလို့ တွေးနေပါ၊ ဖတ်ချင် ရင်တော့ ပြောပါနော်
မေလေး အသိကြွယ်ပါစေ

7 comments:

အလှတရား said...

ဝေဖန်ဖို့မလွယ်ကူပါဘူး။
ခင်မင်လို့ နည်းနည်းပါးပါး စကားပြောဆို နှုတ်ဆက်တဲ့ သဘောပါ။
ကိုယ့်ဖာသာ ဆို သာဓုခေါ်ပြီးပြန်သွားချင်တယ်။
ရေးထားတာ သိပ်ကောင်းပါတယ်။
ရေးထားတာကို ကြည့်ပြီး
ဗဟုသုတ ကြွယ်ဝမှုကို အကဲခတ်မိပါတယ်။

အိပ်မက်ဟာ မက်နေခိုက်မှာ သစ္စာဆိုတာ၊
နိုးလာခိုက်မှာ သစ္စာအဆင့်က လျှောကျသွားတယ် ဆိုတာ လူတိုင်း သဘောပေါက်ဖို့ မလွယ်ကူပါဘူး။
အာဘော် အယူအဆ သုံးသပ်ပုံ အားလုံး ပြည့်စုံကောင်းမွန်ပါတယ်..။
အတွေးရှင်းမှ အရေးရှင်းပါတယ်..
အတွေးရှင်းအောင်
အသိအမြင်လည်း ရှင်းမှပါ။
အသိအမြင်ရှင်း အောင်လည်းကျင့်မှပါ။
အသိအမြင်ရှင်းအောင် ကြိုးစားနေတဲ့ မိတ်ဆွေနဲ့တူပါတယ်။

ရေဆုံး မြေဆုံး၊ အဆုံးထိ အောင် လိုက်နိင်ပါစေ ခင်ဗျာ..
မေလေးသို့ ပေးစာ တွေကို သာဓုခေါ်ဆိုပါကြောင်း...
ခင်မင်လျက်
အလှတရား

လူလ said...

မင်္ဂလာပါ ကိုဥပသကာ

ရောက်၏။
အာဟား.. နက်တယ်ဗျို့ ။ မနည်းစဉ်းစားပြီး ဖတ်လိုက်တယ်။ ကောင်းလိုက်တဲ့ ဒဿနပဲ။
ဒါမျိုးလေးတွေ ဖတ်ချင်တယ်။ ဆက်ရေးပါ။
စကားမစပ် ..
အိပ်မက်တခု မာယာပြုလို့
ဖြတ်ရဘ၀ သစ္စာတရားဟု
လက်တွေ့နံနက် ဘ၀ဖြစ်သလို
အိပ်မက်များက တခါတလေ
အမှန်တရားတခု ရှာဖွေတွေ့သွားတယ်..
..ဟု နားလည်သွားကြောင်း

ဒူကဘာ said...

နက်တယ် ကျယ်တယ်ဗျာ ကျွင်းနှုတ်ခမ်းပေါ်ကပဲ ဖတ်ရဲတယ် ကျနာမှာမို့လို့....ဟဲဟဲ ကောင်းပါတယ်နောက်တာပါ၊ လာလည်ဦးမယ်။

အောင်ဦး said...

အကိုရေ.. ရေးထားတဲ့ အရေးအသားကတော့ အင်မတန် နက်နဲလှပါတယ်။
ဘုရားဟောတရားတွေက အားလုံးသစ္စာထိုက်တဲ့ တရားတွေပါပဲ။ လူ့ရဲ့စိတ်ဆိုတာ မကောင်းမှုမှာပဲ ပျော်မွေ့တယ်လို့ ဘုရားရှင်ဟောခဲ့ဘူးပါတယ်။ ပုထုဇဉ်တွေဟာ အ၀ိဇ္ဇာပိတ်ဖုံးမှုကြောင့် ဉာဏ်အလင်းလည်း မှေးမှိန်နေကြတာပါ။ မောဟ၊ အ၀ိဇ္ဇာက ဒုက္ခဖြစ်ကြောင်း အကြောင်းတရားတွေပါပဲ။ ဒီလိုမသိကြတော့ သံသရာမှာလည်း ဒုက္ခရောက်ကြရတယ်။ လောကီအနေနဲ့လည်း လူလိမ်သမျှခံကြရတာပါ။ များသောအားဖြင့် ကျနော်တို့ လူမျိုးတွေ ဘာသာတရားပေါ် ခံယူချက် နည်းတယ်လို့မြင်မိပါတယ်။ မိရိုးဖလာ တွေများတယ်။ ဒီတော့ လုပ်ချင်တာလုပ်နေကြတာပါပဲ။ ကုသိုလ်၊ အကုသိုလ် နဲ့ ကံ၊ ကံ၏ အကျိုးအပေါ်မှာတောင် သေချာသိတဲ့ သူနည်းပါသေးတယ်။ ကျနော်ဗုဒ္ဓဘာသာ ၅မျိုးမှာတော့ ရေးထားဖြစ်တယ်။ အဓိက ဘာလို့ မသိကြလဲဆိုတော့ အတိုချုံးပြောရရင် တရားမနာလို့ပါ။ တရားမနာ၊ တရားစာမဖတ်တော့ မှားတယ်၊ မှန်တယ် သေချာမသိတော့ဘူးပေါ့။ ကိုယ့်ရဲ့ အတွင်းစိတ်မှာ ရှိတဲ့ ကိလေသာ တရားကို ကိုယ်တိုင်ပဲ ဖယ်ရှင်းမှ ရမှာပါ။ သူတပါးက နည်းလမ်းဘဲပြောလို့ရမယ်။ တရားဆိုတာ ကိုယ်တိုင်ကျင့်မှ ရတာပဲလေ။ ဘုရားရှင် ကိုယ့်ဘေးမှာ ရှိနေပစေ..ကိုယ်တိုင်အားမထုတ်သ၍ တရားမရနိုင်ပါဘူး။ ကိုယ်တိုင်အရင် သိဖို့အရေးကြီးတယ်နော်။ ကျနော်တို့လည်း ဖြည့်ဆည်းနေဆဲပါ။ ဒီဘ၀ မှာပဲ တစ်မဂ်၊ တစ်ဖိုလ် လောက်ရထားမှသာ စိတ်ချရမယ် အကို။ ကျနော် အတွေးလေးပါ။ ကျနော်တို့တွေအတွက်က အချိန်လည်း မကျန်တော့ပါဘူး။ ဘုရားရှင်၏ သာသနာတော်ကတော့ ရှိနေဦးမှာပါ။ ကျနော်တို့ နေရမယ့် အချိန်က တိုတောင်းတဲ့ အတွက်ကြောင့် ကျန်ရှိတဲ့ အချိန်လေးမှာပဲ သစ္စာသိအောင် ကြိုးစားအားထုတ်သင့်တယ်။ သိပြီးတဲ့ တရားကို လိုက်မကျင့်ရင်တော့ သိရကျိုး မနပ်ဖြစ်မယ်ထင်တယ်။ ကျနော်တို့ရဲ့ သီလ၊ သမာဓိ၊ ပညာဆိုတာ ဘာမှ ခိုင်မြဲခြင်းမရှိသေးတာကြောင့် အချိန်တိုင်း အသိရှိပြီး ဖြည့်ကျင့်နေသင့်တယ်။ “ လိုက်မဲ့လိုက်ရင် အဆုံးထိလိုက်၊ ဇစ်မြစ်ထိလိုက်၊ ဒါမှ နင် နည်းနည်းလေး သိမယ်” ဆိုတာ တကယ်ကို တန်ဖိုးရှိတဲ့ စကားပါ။ တရားဆို အသိလွယ်သလောက် အကျင့်ခက်တယ် အကို။ “လယ်လုပ်မခက်၊ လယ်တည်ခက်၊” “စစ်ကိုင်း တံတား.. အလျောက်မခက်၊ အဆောက်ခက်၊” ဆိုသလိုပေါ့။ သညာသိကတော့ အားလုံးသိဖို့ လွယ်ပါတယ်။ ကျက်မှတ်လေ့လာရင် ရနိုင်တယ်။ သိတဲ့ တရားကို ကျင့်ဖို့က ပိုခက်သွားတယ်။ ဒါ့ထက် မကျင့်ချင်တာက ပိုခက်တယ်။ ဥပမာ.. ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်ရာ အစစ်လို့ သိလိုက်တာနဲ့ ကျန်တဲ့ အရုပ်တွေ၊ နတ်တွေ၊ ဓာတ်တွေ ကို ပွဲတွေလုပ်ပေးနေစရာ မလိုတော့ပါဘူး။ အဲလိုတွေကျတော့ ပြောရခက်သွားတယ်။ အကျင့်ခက်တာပေါ့။ ဒီတော့ ကျနော်တို့တွေဟာ ကိုယ်ရဲ့ သညာသိကနေ ပညာသိဖြစ်အောင်ကြိုးစား သင့်တယ်။ အသိနဲ့အကျင့်မှာ ပညာနဲ့သဒ္ဓါ အတွဲညီ ရမယ်လို့ တရားတော်တွေမှာ နာကြားဘူးပါတယ်။ စာလည်းများသွားပြီ အကို။ အကိုရဲ့ ဓမ္မ ဒါန ကောင်းမှုတွေအတွက် သာဓု ခေါ်ဆိုပါတယ်။ ကျနော် ရေးလိုက်တာမှာ လွဲမှားတာရှိခဲ့ရင် ပြောပေးပါ အကို။

စိတ်ချမ်းသာပါစေ..

အောင်ဦး

ခွန်း said...

အရေးအသားက ကောင်းသလို အတွေးအခေါ်ကလည်း နက်နဲ တယ်ဗျာ။ မေလေး တော့ မသိဘူး။ ကျနော်တော့ သေသေချာချာ ဖတ်ပြီးတော့ကို စဉ်းစားရတယ်ဗျ။ မာယာနွံ ထဲမှာ ပျော်ဝင် နေတဲ့ လူတွေရဲ့ စိတ်ကို သုံးသပ်တာ ကြိုက်တယ်ဗျာ။ အသိဥာဏ် တော်လှန်ရေး တစ်ခု အစ ပျိုးကြရအောင်တဲ့။ အင်း.. ဟုတ်တယ်။ အဲဒီ တော်လှန်ရေး တကယ် လိုနေပါပြီ။ မဟာယာန အကြောင်း စိတ်ဝင်စားပါတယ်။ အဆင်သင့်တယ် ဆိုရင် ဝေမျှပါ ခင်ဗျာ။

Younggun said...

အသိနဲ့ထပ်တူညီတဲ့အကျင့်၊အကျင့်နဲ့ထပ်တူညီတဲ့အသိနဲ့ ဆည်းပူးမှပကတိဆိုလိုရင်းကိုငါတို့သိလိမ့်မယ် ဆိုတဲ့ စာသားလေးကို အထူးကြိုက်မိပါတယ်။ မဟာယာနအကြောင်းကို ဒီကလူတွေက အတော်လေး ရှု့တ်ချကြတာတွေ့မိပါတယ်။ ဖြစ်နိုင်ရင် မဟာယာနအကြောင်းကို အသေးစိတ်လေ့လာဖော်ပြပေးစေလိုပါတယ်။

Ashin Kumara said...

ဘုရား လောင်းတောထွက်နိုင်တာ က ကာမဂုဏ်တွေ ခံစားပြီးမှ.။ ခံစားမှ ငြီးငွေ့လာတာ။ ငြီးငွေ့ပြီ ဆိုမှ လွတ်မြောက်ရာ လမ်းကို ရှာခဲ့တာ။
ထိုနည်းတူပဲ..ကောလိယ နဲ့ ဥပတိဿ တို့နှစ်ဦး တောင်ထိပ်ပွဲ( ဒီနေ့ခေတ်စတိတ်ရှိုးလို) ကြည့်ရင်းနဲ့ ငြီးငွေ့လာ..လွတ်မြောက်ရာလမ်းလိုက်ဖို့ ဆရာ ရှာကြတော့တာပါဘဲ။

အဓိက ပြောချင်တာ က အသာဒ မရှိရင် အာဒီန၀ မရှိနိုင်ဘူး။ အသာဒ လာပီးမှ အာဒီန၀ ဖြစ်လာတာကမှ ဥာဏ်စဉ်အဆင့်ဆင့် တက်လာတယ်လို့ ယုံကြည်ပါတယ်။ (ပီနန်ဆရာတော်ကြီး မိန့်ဖူးပါတယ်)။ အဲဒီအယူကို သဘောကျပါတယ်။

ဘာလို့လဲ ဆိုတော့ ယနေ့ မြန်မာဗုဒ္ဓဘာသာဝင် တွေခမျှာ တရားစခန်းလေးဝင်..တစ်လကိုးသတင်းထိုင်ပြီးနောက်
စီးပွါးရှာတာ.ချမ်းသာကြီးပွါးအောင်လုပ်တာ၊ ကြင်ဖက် အိမ်ထောင်ဖက် ရှာမှီးတာကိုပဲ အပြစ် သဖွယ်ပြောဟောနေကြတာတွေ့နေရလို့ ပါ။

အရင်ကတော့ အဲဒါကို ပဲ တကယ့်တရားတွေ့နေပြီ လို့ အထင်ရောက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပုဂ္ဂိုလ်အလိုက် ကိလေ သာပယ်သတ်ပုံ အဆင့် ဆင့်ကို ယမိုက်ပါဠိတော်မှာလေ့လာခဲ့ မိတော့မှ.....လွဲလိုက်လေ လို့ သဘောပေါက်သွားပါတော့တယ်။

ပရမတ္ထသဘောအရ ပုဂ္ဂိုလ်သတ္တ၀ါ မရွေးပါ။ လောဘ ဟာ ဘယ်သူ့သဏ္ဍာန်မှာဖြစ်ဖြစ် လိုချင်တပ်မက်ခြင်း သဘောမှ ရွေ့ရောခြင်းမရှိ သလို့
ကာမဂုဏ် ကိုငြီးငွေ့ပါပြီ..ဒီ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ်သိမ်တွေ ကို မလိုချင်တော့ပါဘူး ဆိုနေပါစေ.. အသိဥာဏ်တွေ သဘောပေါက်နေပါစေ..(အနာဂါမ်ရဟန္တာမဖြစ်သေးသ၍) ကာမရာဂ အနုသယ ဓါတ်ကိန်းနေလေတော့... အာရုဏ်နဲ့ဒွါရ တိုက် .. စိတ်သာချ .ပြန်ကိုပေါ်လာဦးမှာ အသေအချာပါ။ ဒီဘ၀မပေါ်လည်း နောက်ဘ၀ မှာဆက်ဆက်ပေါ်မှာပါ။
ဒါကြောင့် .. အနာဂါမ် မဖြစ်သေးသ၍ ..ကာမဂုဏ်တွေရဲ့ အပြစ်ကို မြင်ရတယ်...ကာမဂုဏ်..တရားတွေဟာ မကောင်းပါ.. စတာတွေဟာ ပုဂ္ဂိုလ် နဲ့ အနုသယ .သဘာဝနဲ့ မကိုက် တဲ့အတွက် ..ဟန်ဆောင်ငြီးငွေ့တာ ..သာဖြစ်နိုင်ပါကြောင်း.. အနုသယယမိုက်ပါဠိတော်ကို ကိုးကားပြီး... သုံးသပ်ရေးသားလိုက်ပါတယ်.။