Saturday, January 9, 2010

တွေးမိနေတဲ့အတွေးများ (၂ )

ကျနော် တွေးမိနေတာက စားတဲ့အကြောင်း အစားသောက်အကြောင်းပါ။ မစားသင့် စားသင့်တဲ့ အစားစာတွေ အကြောင်းပေါ့။ တချို့က အစာကို အဟာရအဖြစ်စားတယ်၊ တချို့က မျက်ရည်ကို အစာအဖြစ် စားတယ်၊ တချို့က အသွေးအသားကို စားတယ်၊ ရာဇင်ဝင်တွေ ပုံပြင်တွေထဲမှာ၊ ဘီလူးဆိုတဲ့ သတ္တ၀ါက အသွေးသားကိုစားပြီး နေထိုင် ရှင်သန် နေကြကြောင်းကို ဖတ်ဖူးတယ်။ ဒီတော့ လူတိုင်း ဘီလူးကို ကြောက်တယ်။ မမြင်ဖူးပဲနဲ့ကို ကြောက်တာလေ။ အသွေးအသား စားခံရမှာ စိုးလို့လေ။

“ဒုန်း” ကနဲ့ အသံကြားတာကြောင့် ကျနော် အသံကြားရာဘက်ကို ခပ်သုတ်သုတ် သွားလိုက်မိတယ်။ ပစ္စည်းတွေ သယ်ရတဲ့ အလုပ်သမားအုပ်စုဘက်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတော့၊ ဘာဖြစ်လဲ လှမ်းမေးတော့…။

‘ ဒီမှာ ပေတိုးနယ်..ခြေဖမိုးပေါ် ဆီပေပါဖိလို့ပါ အစ်ကို” ဆိုတဲ့စကားကြောင့်၊ ကျနော့်ရင် ထိတ်ကနဲ ဖြစ်သွားပြီး လူအုပ်ထဲ ကပျာကယာ လှမ်းကြည့်လိုက်တော့၊ ပေတိုးခြေဖမိုးက ကားအကြိတ်ခံရတဲ့ ဖားတစ်ကောင်လို ပြားချပ်နေပြီ။ အရိုးတွေ ကြေသွားမှန်း ကျနော်သိလိုက်တော့၊ ဆေးရုံပိုဖို့ပြင်ရသည်။ နောင့်နှေးနေလို့ မရ။ ကျနော်တို့ ဆီမှာ ဆေးရုံမှာရှိတဲ့၊ အရေးပေါ်လူနာတင်ကားက၊ ဆရာဝန်ကြီးတွေ အရေးပေါ် အမြဲလိုလို သွားနေကြတာမို့ ဖုန်းဆက်လည်း မထူးမှန်းသိနေသည်။ တစ်ခါတစ်လေ အရေးကြီးသော လူနာတွေ တင်ရတယ်လေ။ ဒီတော့ နီးရာ တက္ကဆီတစ်စီးကိုခေါ်ပြီး ဆေးရုံသွာကြရတယ်ဗျ။

အဲလိုသွားဖို့ လုပ်နေတုန်းမှာပဲ၊ ပါဆယ်ထုတ်တဲ့ ဋ္ဌါနမှာ အလုပ်လုပ်နေတဲ့ ပေးတိုးအစ်မ မ၀င်းရောက်လာတော့ သူပါ လိုက်မယ်ဆိုပြီး ကားပေါ်တက်ရတယ်၊ သူမောင်လေးကိုကြည့်ပြီး ခမျာငိုနေတာကို ကျနော်မကြည့်ရက်သော်လည်း မျက်လုံးကန်း သူမဟုတ်တော့ မြင်နေရတယ်။ ဒဏ်ရာကြောင့် အမလေး တနေတဲ့ ပေတိုးရဲ့ အသံတွေကိုလည်း ကြားနေရတယ်။ သက်ပြင်းခိုးကိုချရင်း ၊ကျနော်နဲ့ အတူ ပေးတိုးတို့ အုပ်စုထဲက ကလေးသုံးယောက်နဲ့ ကျနော်ပါ ဆေးရုံလိုက်ကြတယ်။

ဆေးရုံရောက်တော့ သက်ဆိုင်ရာ တာဝန်ကျတွေကို အကျိုးကြောင်း ပြောနေရတာက မိနှစ်နှစ်ဆယ်လောက် ကြာတယ်။ အရေးပေါ်အခန်းမှာရှိတဲ့ လူနာကုတင်ပေါ်က ပေတိုးခြေထောက်က သွေးမတတိတ်နိုင်သေး။ ဒါကထုံးစံလိုဖြစ်နေပြီလေ၊၊ ခဏကြာတော့ ကျနော်အလိုက်တသိ ခိုင်းလိုက်တဲ့ မောင်လွင် ပြန်ရောက်လာတယ်။ သူ့လက်ထဲမှာတော့ ကျနော်ဝယ်ခိုင်းလိုက်တဲ့ ငမန်းဘူးအချိုရည် တစ်ဒါဇင်၊

“ကဲညီရေ ဆရာမတွေအခန်းထဲ ပို့လိုက်နော်” ကြားအောင် တမင်ပြောရသေးတယ်။ တာဝန်ကျတွေက ပင်ပန်းနေမှာစိုးလို့ပါ။ မေးလက်စရပ်သွားတော့ ပေတိုးကို အာရုံပိုစိုက်လာကြတယ်၊ မ၀င်းက ငိုနေတာကလွဲပြီး ဘာမှမပြောတတ်။ မပြောတတ်တာလား၊ မပြောချင်တာလား ဆိုတာကိုတော့၊ ကျနော်သေချာမသိ။ အဲလိုတွေးနေမိတုံးမှာပဲ ခါးကြားချိတ်ထားတဲ့၊ ခိုင်းဖုန်းက မြည်လာပြန်တော့၊ ဘာများခိုင်းမလဲဆိုတဲ့ အသံကိုနားထောင်ဖို့ ဖုန်းကိုကိုင်ရပြန်တယ်၊။ ဆက်လာသူက သူဋ္ဌေးတော့မဟုတ်။ မန်နေဂျာ။ ဆက်ရတဲ့အကြောင်းက ကိစ္စပြီးရင်အမြန်ပြန်လာဖို့။ ဒီမှာ လုပ်လက်စတွေပြီးအောင်လုပ်ဖို့ ကျနော်မပြန်နိုင်သေး။ ခြေထောက်အခြေနေ မေးရဦးမယ်။ ကျန်တဲ့သူတွေကို ပြန်လွတ်တော့ မ၀င်းက ကျန်ရစ်နေမယ် လို့ပြောပြီး သူ့မောင်လေးအနားမှာ ပြုစုဖို့ စောင့်နေတယ်၊၊ အဲလိုနဲ့ တော်တော်ကြာ တော့ ဆရာဝန်ဆီက အဖြေရတယ်။ အရိုးကြေသွားတယ်ဗျ..အဲဒါစတီးရိုးတွေ အစားသွင်းရမယ်တဲ့။ သေဟဲ့နန္ဒိယ လို့ မပြောချင်ပါ။ သေဟဲ့ပေတိုး လို့သာ ပြောလိုက်ချင်တယ်လေ။ မ၀င်းဆီက အသံထွက်ငိုလာမှန်း ကျနော်သိပေမဲ့ ကျနော်နားမချတော့ပါ၊..ဒီလိုနဲ့….။

ညနေဘက်တွေ လုပ်အားခရှင်းတော့၊ လုပ်အားခရှင်းပေးရတဲ့၊ ငွေကိုင်မမ ထွက်လာပြီး

ပေတိုး

ကြည်အောင်၊

မောင်လွင်

စံငွေ

မ၀င်း

တို့ကို လုပ်အားခ ( ) နာရီစာ ဖြတ်တယ် တဲ့လေ။

ကျနော့် နာမည်တော့ မပါ။ ဒါနဲ့ ကျနော်ခေါ်လိုက်တယ် အဲဒီငွေကိုင်မမကို။ ဒီလူတွေက ငါနဲ့ ဆးရုံသွားတဲ့လူတွေဟ ဘာလို့ အဲလိုလုပ်ရတာလဲ လို့မေးတော့၊ ကျမ မသိဘူး အစ်ကို မန်နေဂျာ ပြောတဲ့အတိုင်းပဲ အစ်ကိုရေ…၊ဆိုတော့ ကျနော် မန်နေဂျာကို သွားတွေးပြီးပြောရတယ်။ သူ့အခန်းထဲ ရောက်တော့၊ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတာ တွေ့တယ်။ ကျနော့်ကို မြင်တော့ မေးဆတ်ပြပြီး ထိုင်ဖို့ ပြတော့ သူ့ရှေ့ထိုင်လိုက်တယ်။ ခဏကြာတော့ ကျနော်က ငွေဖြတ်တဲ့ကိစ္စ ပြောတော့၊ ဒါက စည်းကမ်းအရပါဗျာ၊ ညီလေးလည်းသိပါတယ်၊ ဒီလိုမှမလုပ်ရင် ဒီလောက်များတဲ့ လူတွေကို ရေရှည်မှာ ထိန်းချုပ်ရ ခက်မှာပေါ့။ ညီလေးကို မဖြတ်ဘူးလေ၊ ညီလေးက သူဋ္ဌေးကိုယ်တိုင်က ခန့်ထားတော့ ကျနော်မဖြတ်ဘူးလေ၊ နော် လာဗျာ သောက်ကြရအောင် ဆိုပြီး စာရေးမ တစ်ယောက် ယူလာပေးတဲ့ အအေးဗူတွေကို လှမ်းပေးတော့ ကျနော် မသောက်ဖြစ်တော့ပါ။ မချိုပဲ ငံနေတဲ့၊ မူလအရောင်ပျောက်ပြီး နီနေတဲ့ အရာများလို့မြင်နေတယ်၊

မန်နေဂျာဆီက လှမ်းထွက်တော့ အနီးနားမှာရေးထားတဲ့၊ အလုပ်သမား စည်းကမ်းချက်များကို ဖတ်နေမိတယ်ဗျ၊

အလုပ်တစ်ရက် ပျက်လျှင်..လခထဲမှ ကျပ်တစ်သောင်းနှတ်မည်။
တစ်နာရီပျက်လျှင် ကျပ်( ) ဘယ်လောက်နှတ်မည်

အစချီတဲ့ စည်းကမ်းချက်ထဲမှာ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရရလျှင်၊ ဘယ်လိုထောင်ပံ့မည်မပါ။

ဒီစည်းကမ်းတွေကို ကြိုက်ရင်လုပ် မလုပ်ရင်နေတဲ့ဗျာ။ အဲလို ငေးနေမိတုံးမှာပဲ လင့်ခရိုဇာအနက်ရောင်တစ်စီး အလုပ်ဝင်းထဲ မောင်းဝင်လာပြီး ကျနော်ရပ်နေတဲ့နား ရပ်သွားတယ်။ ပြီးတော့ တံခါးဖွင့်ပြီး ကျနော့်ကို လှမ်းပြောတာက ဟေ့ကောင်ကြီး.. ငါနဲ့တူညစာ..စားပြီးမှပြန်၊ ဒီနေ့ငါတို့…….ဟိုတယ်မှာ ဒင်နာရှိတယ်၊ မင်းလိုက်ခဲ့တဲ့လေ။

ကျနော့်မျက်လုံးထဲမှာ..ပေတိုးကိုမြင်တယ်၊ မ၀င်းကိုမြင်တယ်၊ ပြီးတော့ တဲသာသာအိမ်ထဲက မိသားစုတွေမြင်တယ်။ ညစာစားမှ ဒီအကြောင်း ပြောရမှာလေ။ မဟုတ်ရင်တော့၊ ကျနော်စားတဲ့အစာဟာ…။

ဪ..သူဋ္ဌေးက၊ ကျနော့်နဲ့ ငယ်သူငယ်ချင်းပါလေ။.

ငြိမ်းချမ်းကြပါစေ

ဥပဿကာ

8 comments:

ကိုရင်နော်ခင်လေးငယ် said...

ဗျို့အစ်ကိုကြီး..
ပေးထားချက်လေးက ထိမိပါပေတယ်..

ဒါသည်လည်း ဘီလူးတမျိုးပါပဲလေ..
ဒီလို လုပ်ငန်းရှင်တွေ တော်တော်များနေတယ်..
လူမှုရေးတို့.. ကိုယ်ချင်းစာတရားတို့ ဆိုတာ သူတို့ဆီမှာ မရှိကြတော့ဘူး ထင်ပါရဲ့..

ခေတ်ကြီးကိုက တရားမျှတမှုမှာ မရှိတာပဲ..း(

Dream said...

အောက်ကလူတွေ လုပ်သမျှ အထက်က မသိတသိ ဆိုတော့လဲ.... နော်...

ဖော်လံဖားခတ်ကိုက ဒီလိုပဲဆိုတော့း(

ခိုင်စိုးလင်း said...

နောက်တစ်ခါ ပို့စ်အသစ်တင်လို့ စာလုံးပေါင်းရော အဖြတ်အတောက်ရော လာပြင်ပေးရရင် ကျမဆဲတော့မယ် ဘုရားတကာသော ဘာသော မသိတော့ဘူး ဒါပဲ စိတ်တိုသည် မျက်စိညောင်းသည်

အလှတရား said...

ကောင်းတယ်အစ်ကို
ဒီလက်ရာ။

ရွှေပြည်သူ said...

အရေးအသားကလည်း ပြတ်သားထိမိတော့ စိတ်ထဲမှာ နင့်သွားတယ် အစ်ကို။ “ကိုယ်ချင်းစာတရားလေး” တစ်ခုထဲသာ လူတိုင်းမှာ ရှိခဲ့ရင်... လောကကြီး သိပ်ကိုကောင်းသွားပါပြီ...

SHWE ZIN U said...

ညစာ စားပြီး သူဌေး ပြောတာလေး နားထောင်ချင်သေးတယ်ဗျ ဆက်ရေးပေးပါအုန်းလား

ကဗျာဦး said...

ဖတ်ရင်း ရင်နင့်အောင်ခံစားသွားရတယ်
ဒေါသလည်းထွက်တယ်

JulyDream said...

အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရရင် အလုပ်ရှင်မှာ တာဝန်ရှိပါတယ်။ စာအုပ်ထဲမှာတော့ အဲဒီလိုမျိုး ရေးထားရုံပဲလား မသိပါဘူး။ ဒါ... တို့ တိုင်း တို့ ပြည်... တို့ မြန်မာပြည်...

မရှိခိုးနိုး မလှစုန်းယိုးပေါ့ဗျာ။ မြေနိမ့်ရာ လှံစိုက်ခံရလွန်းလို့ မိအေးလည်း နှစ်ခါမက အခါခါ နာနေခဲ့ပါပြီ။