Saturday, June 5, 2010

မီးရောင်ကို ရွှေတောင်မှတ်ပါလို့

ကျနော်တို့ငယ်တုံးက ရပ်ကွက်ထဲမှာ အရမ်းဂွကျပြီး ပေါင်းရသင်းရ အင်မတန်ခက်တဲ့ အဘိုးတစ်ယောက်ရှိခဲ့တယ်၊ အလုပ်ကတော့ ပန်းပုထုတဲ့ဆရာကြီး၊ ဆရာကြီးဆိုမှတကယ့်ဆရာကြီးဗျ၊ သူ့လက်ရာတွေကိုတနိုင်ငံလုံးသိပါတယ် ကန်တော်ကြီးထဲရှိတဲ့ ကရ၀ိတ်ဖောင်တော်ပဲ၊ ပြောရဦးမယ် ဒီတုံးက ကျနော်က အတော်ငယ်သေးတယ်ဗျ၊ အဲဒီ အဖိုးထူးခိုင်အိမ်ရှေ့မှာပဲ ၀ိုင်းပြီးသူများကစားတာကို ထိုင်ကြည့်နေမိတယ်ဗျာ၊ သိပ်ပြီးလည်းပြေးနိုင်လွားနိုင်မဟုတ်တော့ ထိုင်ကြည့်နေမိတယ် အားကျတဲ့စိတ်နဲ့ပေါ့လေ၊ အဲလိုကြည့်နေတုံးမှာပဲ၊ မာစတာဂျစ်တွေပေါ့ဗျာ သုံးလေးစင်းလောက် တန်းစီပြီး အိမ်ရှေ့မှာထိုးဆိုက်၊ နောက်ကပါလာတဲ့စစ်ကား ပေါ်က စစ်သားတွေကခုန်ချလာပြီးနေရာယူနေလိုက်ကြတယ်၊ ကျနော်တို့လည်းဘုမသိ ဘမသိ ကစားတာအကုန်နားနေပြီး ဒီအဖြစ်ပျက်ကိုလှမ်းကြည့်၊ အဆော့မက်လွန်းတယ် ဆိုတဲ့ မောင်သစ်ဆိုတဲ့ သူငယ်ချင်းတောင် ပြေလွားနေတာရပ်ပြီး ဒါကိုလှမ်းကြည့်နေကြတယ်၊ ရပ်ကွက်ထဲက အိမ်တွေကလည်း ထွက်ကြည့်ဘာဖြစ်တာလဲပေါ့၊ အဖိုးထူးခိုင်ရဲ့ သားသမီးတွေဆို မျက်နာတွေပျက်ပြီး ခြေလက်တွေအေးကုန်တယ်ဆိုပဲ ဒါကနောက်ပြန်ပြောပြလို့သိရတာလေ၊ အဲလိုစစ်သားတွေနေရာယူပြီးတော့မှ မြို့နယ်ကောင်စီဆိုလား ဘာဆိုလား ကားပေါ်ကဆင်းပြီးတော့ ဆရာကြီးကိုတွေ့ချင်လို့ပါခင်ဗျ၊ ဗိုလ်မှုးတစ်ယောက်လည်းပါသေးတယ်ဗျ၊ ဒီနှစ်ယောက်ပဲ အိမ်ထဲဝင်နေတာ ကျနော်က အိမ်ရှေ့အစွန်းထိုင်နေတော့မြင်နေသေးတယ်၊ အဖိုးကတော့ ဘာကိုမှသိပုံမရ သိလည်းဂရုစိုက်မဲ့သူမဟုတ်၊ နောက်တစ်ခါ ထပ်မေးတယ် ဆရာကြီးတဲ့ …. ဘာမှမကြားသလိုလုပ်နေပြီး အတော်ကြာမှ၊

‘ မင်းဘယ်လိုလူလဲကွ..ဒီမှာအလုပ်လုပ်နေတာ မမြင်ဘူးလား၊ လူမှုရေးနားမလည်ဘူးလား၊စာမတတ်ဘူးလား” အဲလိုမေးနေလိုက်တာ စုံနေတာပဲ၊ သားသမီးတွေဆို သေးလူးမတတ်ကြောက်ကုန်တော့တာပေါ့ အဖေ့ကိုလည်းပြန်မပြောရဲ ပြောလည်းမရမှန်းသိနေကြတာကိုး။ ဒါနဲကကောင်စီဥက္ကဋ္ဌဘေးမှာပါလာတဲ့ ဗိုလိမှုးက ကြားဝင်ပြောရတော့တယ်၊ ‘ ဒီလိုပါ အဘ ပါတီဥက္ကဋ္ဌကြီးက ရန်ကုန်ခဏကြွဖို့ အဘကိုဖိတ်ခိုင်းလိုက်လို့ကျနော်တို့လာတာပါခင်ဗျ” လို့ပြောတော့။

ပြန်ဖြေလိုက်ပုံလေးက သင်းပါ့ဗျာ

“ အေး..အခုငါအလုပ်လုပ်နေတယ် ၊မအားသေးဘူး၊ အားမှလိုက်မယ်”

ဒါနဲ့ လာခေါ်သူတွေလည်း ဟုတ်ကဲ့ပါ လို့ပြောရင်းစောင့်နေလိုက်ရတာ၊ သိပ်မစောင့်ရပါဘူးလေ၊ ပါတီဥက္ကဋ္ဌကြီးအမိန့်ဆိုတော့ လေးနေ့လေးည လောက်ပါပဲ၊ ဒါနဲ့ လိုက်တော့လည်း တန်ဆာဗလာတွေကောက်ထည့်၊အ၀တ်နှစ်စုံလောက်ထည့်ပြီး၊ သားကိုအဖေါ်ခေါ်ပြီးထလိုက်သွားတော့တယ်ဗျာ

အဲလို အင်မတန်ဂွကြပြီး အကြောက်အလန့်နည်းတဲ့ ပညာရှင်အဖိုးအို ကြီးက ဘာပြောတတ်လဲဆိုတော့၊ ငါတို့ခေတ်က မီးကိုမီးမှန်းသိတယ် ရွှေကိုရွှေမှန်းသိတယ် မင်းတို့ခေတ်ကျတော့ မီးရောင်ကိုရွှေတောင်မှတ်နေကြတာပဲ…မီးမှန်းမသိ ရွှေမှန်းမသိကောင်တွေဆိုပြီးတော့။

ကျနော်ပြောချင်တာက ဒီဆရာကြီးရဲ့စကားက အခုခေတ်လေပိုမှန်လာလေပဲ ကျနော်တို့ မီးရောင်ကိုရွှေတောင်ထင်နေရတာပါ့ အတုအယောင်တွေကြားမှာ နစ်မွန်းသာယာရင်း ပြီးတော့ ပကာသနနဲ့ပိုင်ဆိုင်မှုတွေကို ကျားကုတ်ကျားခဲတွယ်ဖက်ထားရင်း နဲ့ ကျနော်တို့ရှင်သန်မှုတွေကို ဖြတ်သန်းစီးဆင်းစေခဲ့တယ်။

သာသနာတော် အရေးမှာလည်း ဓမ္မထက် ဂုဏ်ကရှေ့ဆောင်လာတယ်၊ ဓမ္မကိုမမြင်တော့ ဘွဲ့မရသောသံဃာတော်များ ကြည်ညိုသူနည်းလာတာတွေ့ရတာ စိတ်မကောင်းစရာပါ၊ ၀ိနည်းသိက္ခာထက် ဘွဲ့ကိုအလေးပေးလွန်းတယ်လို့ ကျနော်ထင်မိပြန်တော့ ရင်ထဲမကောင်း၊ အဓိက နဲ့သာမညကို ကျနော်တို့ရွှေးတတ်နေပြီလို့ထင်မိခဲ့တဲ့အမှားကိုနောင်တစ်ချိန်မှာပြန်ပြီးပေးဆပ်ရမယ်ဆိုတာကတော့သေချာတာပဲလေ၊ ။

လူမှုပတ်ဝန်းကျင်မှာလည်း သီလသိက္ခာထက် ပကာသနသိက္ခာတွေက ပိုပြီးလွမ်းမိုးလာတယ် အနောက်က စိတ်ပိုင်းဆိုင်ရာတွေကို ပိုပြီးရှာဖွေလာတဲ့အချိန် မှာ ကျနော်တို့အရှေ့က ရုပ်ကိုတွယ်ဖက်ဆုပ်ကိုင်ပြီး ကျားကုတ်ကျားခဲ ရှင်သန်နေတယ် ကိုယ်ကျင့်သိက္ခာတရားစံကို Globalization ဆိုတဲ့ စကားလုံးကိုအလွဲသုံးစားလုပ်ရင်း ပေါ်တင်ကြီးချိုးဖေါက်လာကြတယ် ၊ဒီနေရာမှာ ကျနော်ဆိုလိုတာက ထိုင်မသိမ်းဝတ်ပြီး ခေါင်းဘီးပတ်ကြီးနဲ့ပြန်နေရမယ်လို့ပြောနေခြင်းမဟုတ်ပါ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတဲ့ကျနော်တို့အနေနဲ့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားတတ်စေချင်တယ်လေ၊

ကျနော့်အနေနဲ့ ကမ္ဘာကြီးရွာဆန်လာတာကို သဘောကျတယ် အသားရောင်ခွဲခြားတာတွေ လူမျိုးရေးခွဲခြားတာတွေ ပပျောက်ပြီး ကိုယ်ချင်းစာတရားတွေအပြည့်အ၀နဲ့ လူကိုလူလိုမြင်တဲ့စိတ်နဲ့ နေနိုင်မယ်မျှော်လင့်မိပေမဲ့၊ ကျနော်တို့လူမျိုးအချင်းချင်းက အင်မတန်မှချောက်တွန်းကောက်ကျစ်ကြတဲ့ရင်ဖွင့်သံတွေကို ကျနော် ကြားသိမြင်ရပြန်တော့ စိတ်မချမ်းသာဖြစ်ရတာဝန်ခံပါတယ်၊ အင်မတန် စိတ်ထားမြင့်မြတ်လှပါတယ်လို့ သတင်းမွေးခဲ့တဲ့ ကျနော်တို့လူမျိုးရဲ့ ပင်ကယိုစိတ်တွေက နေလာနှင်းပျောက်ဆိုသလို ဂလိုဘယ်နဲ့အတူပျောက်ကွယ်သွားရမှာလား?။

တဖြည်းဖြည်း ခြင်း အောက်တန်းကျလာတဲ့ စိတ်ဓာတ်တွေက ကင်ဆာလိုပျံ့နေတယ်၊ ပြီးတော့ လူငယ်တွေကြားမှာ အတတ်ပညာ နည်းပညာတွေနဲ့ အတူ မကောင်းဆိုးဝါး မူးယစ်ဆေးတွေကလည်းပျံ့နေတယ်
ဘယ်ကနေအဲလောက်ပျံ့နေလဲ? ဘိန်းနဲ့ အဖျက်ဆီးခံရတဲ့တရုပ်ပြည် မှာ ပြန်လည်း ပြုပြင်ရေးတွေ မနည်း ပြန်လုပ်လိုက်ရတယ်၊ အခု ကျနော်တို့ခလေးတွေကြားမှာ အလားတူ မူးယစ်ဆေးတွေပလူပျံနေတယ်၊။

ပန်းကောင်းတွေအညွန့်မကျိုးစေချင်ပါ၊ အရက်ဆိုင်တွေ အရမ်းပေါလာတာဟာ ကောင်းတဲ့ယဉ်ကျေးမှုမဟုတ်ပါ
အသက်မပြည့် အရွယ်မရောက်တဲ့ ခလေးတွေကို ဆေးလိပ်၊ အရက်စတာတွေဝယ်ခိုင်းနေတာမျိုး မလုပ်သင့်ဘူးဆိုတာကိုတောင် နားလည်းအောင် မနည်းပြောရမဲ့အခြေနေရှိနေတယ်။

မီးရောင်ကိုတော့ ရွှေတောင်မမှတ်စေချင်ပါ၊

ဒါပေမဲ့ အခု ကျနော်တို့ တစ်တွေက မီးရောင်ကို တကယ်ရွှေတောင်မှတ်နေရတဲ့ဘ၀ဆိုတာကို ၀န်ခံစကားဆိုရင်း။

ငြိမ်းချမ်းကြပါစေ

3 comments:

မင်းဒင် said...

အင်း ... မီးရောင်ကို ရွှေတောင်ခေတ်မှာ ပိုးဖလံမျိုး မီးကိုတိုးတဲ့သူတွေများလာတာပေါ့ ။

ခင်လျက်

မင်းဒင်

မိုးခါး said...

ဟုတ်ပါတယ်
မီးရောင်ကို ရွှေတောင်ထင်ပြီး မီးရောင်နောက် လိုက်သူတွေ ပေါမှ ပေါပဲ
ပူမှန်းမသိခင်ပေါ့
သိလိုက်တော့လည်း ကိုယ်ပါ မီးစွဲနေပြီ ..

Maribel Artaste said...

roneHi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog