Tuesday, January 29, 2008

သာသနာတော်အရေးတွေးပေးပါ(၂)

စာရေး သူသည် ဗမာဖြစ်၏။ အမိဗမာ၊ အဖဗမာ၊ အဘိုးအဘွားအားလုံး ဗမာဖြစ်သော စာရေးသူသည် ဤမြေမှာနေ ဤရေကိုသောက်၍ ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် နိုင်ငံကိုချစ်၏။ လူမျိုးကိုချစ်၏။ လူမျိုးဟုဆိုရာ၌ တိုင်းပြည်အတွင်းနေထိုင်သော တိုင်းရင်းသားအားလုံးကို ဆိုလိုပါသည်။ ထို့ထက် ပို၍ ဘိုးစဉ်ဘောင်ဆက် အမွေခံရရှိခဲ့သော ယဉ်ကျေးမှုအတတ်ပညာနှင့် သာသနာတော်ကို မြတ်နိုး၏။
ဤမြေမှာနေ၊ ဤရေကိုသောက်၍ ကြီးပြင်းခဲ့ရသော သူတို့အတွက် တိုင်းပြည်၏ ကျေးဇူးသစ္စာကို စောင့်သိရပါမည်။ တိုင်းပြည်၏အကျိုးကို မိမိနိုင်သည့်ဘက်မှ ဆောင်ရွက်ရပါမည်။ မဟုတ်လျှင် ကျေးဇူးကန်းသူသာဖြစ်၏။ ကျေးဇူးကန်းခြင်းသာဖြစ်သည်။ ကျေးဇူးသိခြင်းသည် ကတညုတမင်္ဂလာဖြစ်၏။ သို့ဖြစ်၍ ကျေးဇူးကန်းခြင်းသည် ကတညုတမင်္ဂလာကိုပျက်စေသောကြောင့် အဓမ္မ၀ါဒဖြစ်သည်။ ထိုကြောင့် ကျေးဇူးကန်းသူကို အ ဓမ္မ၀ါဒီ မိစ္ဆာဒိဋ္ဌိဟုခေါ်ဆိုနိုင်ပါသည်။
မည်သည့်ဘာသာအယူဝါဒကို ကိုးကွယ်သည်ဖြစ်စေ ကျေးဇူးကန်းသူသည် မှားယွင်းသောအယူကို ဆုပ်ကိုင်၍ အဓမ္မလမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဟု ဆိုပါသည်။ စာရေးသူ၏ ပထမဆောင်းပါးမှ ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာလျှင်ဟု ရေးခဲ့ပါ၏။ ဂေါတမမြတ်စွာဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကတည်းက ထေရ၀ါဒကို တည်ဆောက်ခဲ့၏။ ယခု ၂၅၀၀ ကျော်ခဲ့ပြီဖြစ်၏။ တိတိကျကျဆိုရလျှင် ၂၅၅၁ ရှိခဲ့ပြီဖြစ်သည်။ မြတ်စွာဘုရား၏ ၀ါဒက အနတ္တ၊ မဇိမဒေသတွင် အတ္တကိုဖယ်၍ အနတ္တတံခွန်ကိုလွင့်ပြီး၊ မြတ်စွာဘုရားထူထောင်ခဲ့သော ထေရ၀ါဒသာသနာတော်သည် အန္ဒိယနိုင်ငံမှစခဲ့၏။
အေဒီ(၁)ရာစုမှစ၍ အိန္ဒိယနိုင်ငံသားတို့သည် အရှေ့ဘက်တလွှား နယ်ချဲ့ခဲ့၏။ အေဒီ(၉)ရာစုတွင် စုမတ္တရာအင်ပိုင်ရာကို တည်ထောင်ပြီးဖြစ်သည်။ ထိုအထဲတွင် အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးပါ၏။ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း စသည်တို့သည် ထိုခေတ်မှ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာသိရ၏။ ယခုမူ ထေရ၀ါဒငါးနိုင်ငံသာ။ ထိုငါးနိုင်ငံ၌ပင် ထေရ၀ါဒအုတ်မြစ် အမှန်တကယ် ခိုင်နေပါ၏လော။
သမိုင်းအရ မြန်မာနိုင်ငံ၏ ထေရ၀ါဒအုတ်မြစ်ကို ပုဂံခေတ်မှချသည်ဆိုဦး (မှတ်ချက်-ထို့ထက် စောစီးစွာ ရောက်နေကြောင်း အထောက်အထားနဲ့ တင်ပြရန် ကြိုးစားနေသည်) နှစ်ပေါင်း ၁၀၀၀ နီးနေပါပြီ။ အမှန်တကယ် ခိုင်မာသော ထေရ၀ါဒအုတ်မြစ်ကို စာရေးသူတို့ ချနိုင်ပါပြီလော။ ကိုယ်ကျင့်သိက္ခာကိုအခြေခံ၍ လောကမှ လွန်မြောက်ရာ ၀ိမုတ္တိကို ညွှန်ပြတော်မူခဲ့သော မြတ်စွာဘုရား၏ အဆုံးအမကို အမှန်တကယ် လိုက်နာမည်ဆိုပါက မိမိပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုထက်၊ ကိုယ်ကျင့်သိက္ခာကိုသာ ဦးစားပေးရပါမည်။ မြတ်စွာဘုရား၏ အဆုံးအမကို အတိအကျလိုက်နာနိုင်မှသာလျှင် ထေရ၀ါဒအုတ်မြစ်ခိုင်မာပါမည်။
သို့သော် … မိမိသည် မြတ်စွာဘုရား၏ အဆုံးအမကို မည်မျှလိုက်နာနေသနည်းဟု ပြန်ပြီးမေးရမလိုဖြစ်နေ၏။
ထို့အတွက် အားလုံးမှာ တာဝန်ရှိပါသည်။ အားလုံးဟုဆိုရာ၌ ရဟန်းလည်းပါ၏။ သီလရှင်လည်းပါ၏။ ဥပသကာ၊ ဥပသိကာမများလည်းပါ၏။ ထိုအဆိုပါ ပုဂ္ဂိုလ်တို့သည် မိမိတို့ဆိုင်ရာ တာဝန်များကို သိအောင်အားထုတ်ရပါမည်။ သိပြီးသည်နောက် လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားရပါမည်။ သို့မဟုတ်ပါက ထေရ၀ါဒသည် ရေတိမ်နက်ရပါလိမ့်မည်ဟု စကားဆိုရင်း …… ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ … ။

2 comments:

စိုးထက် - Soe Htet ! said...

သာသနာ ကို ကိုယ်ပိုင်လို ကျင့်ကြံ နိုင်မှ သာသနာကြီး တည်တံ့ ပါမယ် ... ၀ိုင်းဝန်းကူညီကြပါ :D

Ashin Kumara said...

ကိုယ်ကျင့်သိက္ခာဆိုလို့..
ဗုဒ္ဓမြတ်ဘုရားက သုတ်တန်တစ်ခုမှာ ညွှန်ပြတာက

စားစရာမရှိရင် ခိုးလိမ့်မယ်တဲ့

ခိုးတဲသူတွေများလာရင် သူခိုးရန်ကို ကာကွယ်နှိမ်နှင်းနိုင်ဖို့ တုတ်ဓါးလက်နက် ဆောင်ကြလိမ့်မယ်တဲ့။

တ်ုတားလက်နက်ဆောင်လာကြရင် သတ်မှု ဖြတ်မှု တွေဖစ်လာပြီး လောက ကြီး ငြိမ်းချမ်းသာယာမှုပျက်ပြားမယ်တဲ့။

ဒါတော့ စားစရာ ရှိအောင်အရင်လုပ်ကြရမယ် ဆိုတယ်။

သဗေ`သေတ္တာ အာဟာရဌိတိကာ လို့ ဘုရားရှင်က သတိပေးထားတော်မူတယ်။

သာသနာတည်တံ့ဖို့အတွက် ပရိတ်သတ် ၄ ပါး က ထိန်းသိမ်းစောင့်ရှောက်ရာမှာ...ငွေအရေးကြီးတယ်။

ဗုဒ္ဓဘုရားရှင်က စပီရီကျူရယ် ဒီဗလော့မင်း တစ်ခုထဲ
အင်ဇာဆိုက် လုပ်ပြီး ဟောပြထားတာမဟုတ်တဲ့အတွက်

အဲဒါကို လစ်လှူရှုထားတဲ့ တို့နိုင်ငံမှာ...စားစရာ
မရှိတော့ ဘာသာပြောင်ားကုန်ကြရော..

ငွေပေးစည်းရုံး၊ အကြိုက်ပေး အလိုက်ပေးစည်းရုံးကြတဲ့အတါက်..အဲဒါကို ဘာနဲ့ကာကွယ်ရမလဲ။

သူတို့လိုချင်တာ တရားသဖြင့် ပေးနိုင်ရင်....ကိုယ်ကျင့်သိက္ခာဆိုတာ တည်တံ့လာဖို့ဖြစ်မှာပဲ။

စားဝတ်နေရေးဖူလုံညြ့်စုံတဲ့ စင်ကာပူလို နေရာမှာ.
လာဘ်ပေးလာဘ်ယူ. ခိုးယူတာမျိုး က ဗုဒ္ဓတရားထွန်းကားပါတယ် ဆိုတဲ့ မြန်မာပြည်ထက် များစွာ လျော့နည်းနေတာဟာ..ဘာကြောင့်လဲ..

အတိတ်က တို့မော ဟာ ချမ်းသာတယ်။ တစ်မိုးလုပ်ရင်
မိသားစု တစ်ခုလုံးတစ်နှစ်ထိုင်စားလောက်တယ်။
ဒါတော့ အဲဒီခေတ်အချိန်အခါက စပီရီကျူရယ် ဒီဗလော့မင်း ကို အင်ဖါဆိုက် လုပ်နိုင်တာ အံ့သြစရာမဟုတ်ဘူး။

ခုခေတ်မှာ လူငယ်တွေက ဆင်းရဲမွဲတေနေတာ ဟာ
ဗုဒ္ဓဘာသာအဆုံအမ ကြောင့်ဖြစ်တယ် ဆိုပြီး လက်ညိုးထိုးနေကြတာ သတိပြုဖို့ကောင်းပါတယ်။

ကွန်မြူနစ်တွေ ပြောခဲ့ဖူးတယ်မဟုတ်လား။

ဒါတော့ စီစတန်မက်တိကယ်လီ စတက်ဘိုင်စတတ်ဘိုင် စတတ် သွားမှ ဖြစ်မယ်။ ဘုရားရှင် ကိုယ်တော်တိုင်က လည်းငါ့ဘုရားရဲ့ ၀ါဒ ဟာ ဖားဝါဒမဟုတ်ဘူး။ ဖားခုန်သလို ဟိုခုန်ကျော် ဒီခုန်ကျော် လို့ရတဲ့ ၀ါဒ မဟုတ်ဘူးလို့ သုတ်တန်တစ်ခု မှာ သတိပေးထားခဲ့ဘူးတယ်။

ဒီတော့စားစရာ မရှိရင် စားစရာ ဖူလုံအောင် အရင်လုပ်မှဖြစ်တော့မယ်။ စူဠ၀ါ မဟာဝါ ပါဠိတော်
မှာ ဘုရားရှင်က .
ဝတ္တံ အပရိ ပူရန္တော သီလံ နပရိပူရတိ ..စသည်ဖြင့် ၀တ်ကြီးဝတ်ငယ် မကျေပွန်ရင် သီလဖြည့်ကျင့်သည်မမည် လို့ ဆုံးမထားပါတယ်။

ဒီတော့...ဘယ်အရာက စလုပ်ကြမလဲ....

ဝတ်ကြီးဝတ်ငယ်ဆိုတာ ဘာမှန်းမသိ..။ မိဘ ၀တ်.သားသမီးဝတ် ဆိုတာတွေ ဘေးချထား..
ဝိပဿနာချည်းကုန်းအော်နေလို့ကတော့..စိတ်သာချအတည်

ဒီထေရ၀ါဒ သာသနာ န်ြမာပြည်မှာ ပျောက်ကွယ်တော့မည် ဟု သာ
စဉ်းစားတွေးတော နေမိပါကြောင်း...

စားဝတ်နေရေး ကုံလုံပြည့်စုံတဲ့နေရာမှာသာ သူတော်ကောင်းတရား ကျင့်ကြံရန် လွယ်ကူကြသမို့

သာသနာတော်ကြီး ရွေ့နေပြီလို့ ဆရာတော်ကြီးများက
ဝမ်းနည်းစဖွယ်မိန်ပဆိုကြပါတယ်။

မဟာဂန္ဓာရုံဆရာတော်ကြီးက ..သာသနာတော်ကြီး ၀မ်းလျောမလို့ ၀မ်းရောင်နေတာ တဲ့.... မှတ်သားမိတာလေးများ ကို ဝေဖန်ဖို့ ဝေငှလိုက်ပါတယ်။