Saturday, December 20, 2008

မထေရ်မြတ်၏အဆုံးအမ


19.12.08 နေ့က မနက်အစောကြီး၊ ကိုစိုးရောက်လာတော့ စိတ်ထဲထူးဆန်းနေတယ်၊ မလာစဘူး အလာထူးတဲ့အချိန်မို့လို့ပါ၊ အစ်ကိုကျနော်နဲ့ ခဏလိုက်ပါတဲ့” “ဘယ်တုံး” လို့မေးတော့ “ဆရာတော် ဦးသုမင်္ဂလကို ပြန်ပို့ဖို့်နဲ့နှုတ်ဆက်ဖို့လေ” တဲ့

ဪ.. အခုမှသတိရဖြစ်တာက.. ဒီညီလေးတွေက တရားပွဲအလှူရှင်များ၊ မြိတ်ကိုကြွလာကြတဲ့ ဆရာတော် တော်တော်များများကို နှစ်စဉ်ပင့်ပြီး တရားအလှူ ပေးနေကြတာမို့ ခုဆရာတော့်ကို ပြန်ပို့ဖို့အတွက်၊ တရားပွဲများ မသွားနိုင်သော ကျနော့်အား၊ ဖူးတွေ့စေချင်သည် ထင်၏။
“အဲလိုဆိုလည်း သွားကြတာပေါ့ဗျာ.. ဒါပေမဲ့ခဏစောင့်.. ကျနော်က စီစဉ်စရာလေးတွေ ရှိလို့၊ တခြားတော့ မဟုတ်ပါဘူး၊ ဒီနေ့လည်ဘက်၊ ပစ္စည်းပို့ရမဲ့ ဆိုင်စာရင်းကို၊ တစ်ခြားတစ်ယောက်ကိုလွှဲမှ နို့မဟုတ်ဘူးဆို၊ ဘာမှန်းမသိဖြစ် နေမှာမို့ပါ။

လုပ်ပြီးတာနဲ့ တစ်ခါတည်း ဆရာတော့်ကားနောက်ကို ဆိုင်ကယ်နဲ့ မှီအောင်လိုက်ရပြန်တယ်၊ အေး ရတဲ့အထဲ ဆိုင်ကယ်ကို ဇတ်လိုက်မောင်းသလို မောင်းရတော့၊ ရင်ထဲပိုအေးလာတယ်၊ တောတွေ၊တောင်တွေ၊ ဓာတ်တိုင်တွေ၊ ကျန်ခဲ့၊ ပါးပါးလေး ကျနေတဲ့နှင်းကိုခွဲရင်း ဆရာတော့်ကား အမှီလိုက် မောလိုက်တာ၊ ဆောင်းမနက်ကချွေးပြန်တယ်၊ ကြောက်လို့လားမသိ၊ မှီအောင်လိုက်ရမှာမို့သာ။

ဆိုင်ကယ်ကို မြှားပစ်သလိုမောင်းနေရတာ၊ ကားနှစ်စီးစာတောင်မကျယ်တဲ့ လမ်းကျဉ်းလေးမှာလေ၊ သတိနဲ့ပေါ့ဗျာ။ အတော်နောက်ကျနေပြီလေ၊ ကျနော်ကတွက်ပြီးသား မမှီတော့ဘူးပေါ့၊ ကျွဲကူးရောက်တော့မှ ဆရာတော့်ကို တစ်ဖက်ကျောက်ဖျာကမ်းကို ပို့ပြီးပြန်လာတဲ့ ညီလေးတွေက အစ်ကိုကြီးရေ ဆရာတော် စောင့်နေသေးသဗျ၊ အစ်ကိုကြီးနဲ့ကိုစိုးကို အချိန်နှေင်းနေမမှာနဲ့ကြွသွားတာ။

ဒီတော့ မြို့ကိုပြန်မလားပေါ့၊ ကျနော်စဉ်းစားတယ်.. ဆရာတော်ကြီး ကျောင်းနဲ့လည်း နီးနေပြီဆိုတော့ “ညီလေးတွေကိုတော့ ပြန်ကြတော့၊ ငါဆရာတော်ကြီးဆီဝင်မယ်ပေါ့.. ဘယ်သူလိုက်မလဲ”
ဘယ်သူမှမလိုက်တော့၊ ကျနော်တစ်ယောက်ထဲ ဆရာတော်ကြီးဆီကို ၀င်သွားလိုက်တယ်။ ဆရာတော်ကြီးကျောင်းကို ၀င်တဲ့လမ်းက၊ ကျဉ်းကျဉ်းလေးဗျ၊ ကတ္တယာလမ်းလေး၊ ကျောင်းကလျှိုထဲမှာဆိုတော့၊ တောင်ပေါ်တက်ပြီးမှ ပြန်ဆင်းရတာလေ တောင်ဆင်းလေးပေါ့ဗျာ၊ တောင်ထိပ်ကနေကြည့်တော့၊ အလှအပတွေပေါ့ဗျာ စိမ်းနေတဲ့လယ်ကွင်းတွေ၊ ရွှေရောင်တောက်နေတဲ့ စေတီတော်တွေ၊ ရေ၀ိုင်းနေတဲ့ ကျွန်းရဲ့အလှက ပိုပြီးပီပြင်လာတယ်၊ ဒီလိုနဲ့တစ်ယောက်ထဲ အေးအေးလူလူသွာရင်း တွေးရင်း ဆရာတော့်ကျောင်းဝရောက်တော့ ဆိုင်ကယ်စက်ရပ်ပြီး အသံမကြားအောင် အရှိန်လေးနဲ့ဝင်ပြီးတော့ ဆရာတော် စံကျောင်းရှေ့မှာနား၊ အာ.. ကျောင်းဝင်းထဲရောက်လေ ပိုချမ်းလေပဲ၊ တောတွေဝိုင်းနေ တဲ့တောရကျောင်းလေး။

ဆရာတော့်စံကျောင်းက တိတ်ဆိတ်လို့၊ အေးချမ်းလို့၊ အပြင်ဘက်ကရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ တလင်းပြင်လောကနဲ့ ဘာမှမဆိုင်သလို၊ တည်ငြိမ်မှုအပြည့်နဲ့ ကျနော့်ကိုကြိုနေသလို။ ဆရာတော်လည်း ဒီလိုပါပဲ၊ ကျနော်ရောက်တော့ ကျောင်းပေါ်မှာမရှိ၊ မရှိဆို ထိုင်နေကျ ပက်လက်ကုလားထိုင်လေး အပေါ်မှာ လဲလျောင်းတော်မူနေကျ ခုတင်ညောင်စောင်းပေါ်မှာပါ၊ ကျနော့်စိတ်ထဲ စိုးရိမ်သွားတယ်၊ တစ်ပါးတည်းများ ကုဋီဝင်နေလားဆိုတဲ့အတွေးနဲ့ ကူဋီတံခါးခေါက်တော့၊ အသံမပြု၊ ဖွင့်ကြည့်တော့လည်းမရှိ၊ ဟို စိတ်ပူတာက၊ တစ်ပါးတည်းကုဋီတက်ရင် တွဲသူမဲ့နေမှာစိုးလို့၊ သက်တော် ၉၆ - ရှိနေပြီဖြစ်တဲ့ ဆရာတော့်မှာ၊ အကူမရှိရင် အထိုင်အထခက်မှာမို့ပါ၊ ဒီတော့ကျောင်းအောက်ပြန်ဆင်း၊ ကျောင်းဝင်းထဲလိုက်ရှာ၊ တစ်ခြားဦးဇင်းတွေက ဆွမ်းခံကြွနေချိန်မို့ ဆရာတော်တစ်ပါးတည်း လမ်းလျှောက်နေတတ်တာကိုး၊ ဟောတွေ့ပါပြီ.. သတိအပြည့်နဲ့ စင်္ကြန်ကြွနေတဲ့ မထေရ်၊ ခဏလေးလက်အုပ်ချီပြီး စောင့်နေတုန်းမှာပဲ။
ဆရာတော် တွေ့တော့
“သားငယ် အခုရောက်တယ်လား”
“တင်ပါ့ဘုရား”
“လာကျောင်းပေါ်သွားကြမယ်”
ဆိုတော့ဆရာတော့်ကိုတွဲရင်း ကျောင်းပေါ်တက်လိုက်မိတယ်။ ဆရာတော်ကခုတင်ပေါ်တက်တော့၊ ကျနော်လည်း ၀တ်ဖြည့်ရမှာသိတာမို့၊ ဆရာတော့်ကိုဝတ်ဖြည့်နေရင်း ဆရာတော်ဟောတဲ့တရားကို နာမိနေတယ်။

“သားငယ် နင်တို့မြို့ထဲမှာဝါဒတွေရှုပ်နေတယ်ဆို”
“တင်ပါ့“
“မှတ်ထားဗျ၊ သူတော်ကောင်းတရားပျက်စီးရင် လောကပျက်စီးမယ်၊ သူတော်ကောင်းတရား ကြီးပွားရင် လောကကြီးပွားမယ်၊ ဟုတ်လားသားငယ်”
တင်ပါ့
“သူတော်ကောင်းနဲ့ သူယုတ်မာခွဲတတ်လား၊သားငယ်”
ဟုမေးလာတော့လည်း၊ သင်ပြဖို့ တောင်းပန်လျှောက်ထားရပြန်တယ်၊ သင်ပေးပါဘုရား…
“သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ အနောတပဆိုတာ သူတော်ကောင်းဥစ္စာတွေဗျ၊ ဒီတရားကို ကျင့်ရင်သူတော်ကောင်း မကျင့်ရင် သူယုတ်မာပေါ့ဗျ၊ ဟုတ်ပြီလား”
တင်ပါ့

“နဲနဲပြောဦးမယ်ဗျာ၊ ဒီနေရာမှာ၊ ဘာလဲဆိုတော့၊ သီလကလည်း ရှိဟန်ဆောင်လို့ရတယ်၊ သုတလည်း ရှိဟန်ဆောင်လို့ရတယ်ဗျ၊ ဒါပေမဲ့စာဂဆိုတဲ့၊ စွန့်ကြဲခြင်းက ဟန်ဆောင်လို့မရဘူးဗျ၊ အခုခေတ် ထောင်မြင်ရာစွန့်တဲ့၊ အဲဒါစာဂမဟုတ်ဘူးနော်၊ ထောင်မြင်လို့ ရာစွန့်တာက “ဿသတအစွန်းဗျာ”
“ပေးလိုက်ရင်နားအေးတယ်ဗျာ ဆိုတာက “ဥစ္ဆေဒအစွန်းဗျ” ဟုတ်လားသားငယ်..
တင်ပါ့
ဓမ္မစင်္ကြာနဲ့ကြည့်ရင်တော့ “အတ္တကိလမထအစွန်းနဲ့ ကာမေသု ကာမသုခလိက္ကာနုယောဂေါ အစွန်းပေါ့ဗျာ”။
တင်ပါ့
အဲဒီအစွန်းတွေနဲ့ လုပ်တဲ့ဟာတွေရှိနေသမျှတော့ ဟန်ဆောင်သူတော်ကောင်းပဲဗျနော။
တင်ပါ့
“ဒီတော့သားငယ်ရ၊ ဘယ်လောက်စွန့်နိုင်လဲဆိုတဲ့ပြယုဂ်က၊ သူတော်ကောင်းနဲ့ သူယုတ်မာခွဲဖို့ အထင်ရှားဆုံးဗျ”

ဆရာတော်တရားကို နာယူရင်း ကျနော်ပြန်မေးမိတယ်ဗျာ.. ကိုယ့်ကိုယ်ကိုပေါ့လေ..
ဆရာတော် ရေချိုးတော့မှာမို့၊ ကျနော်ဦးချဝတ်ဖြည်ြ့ပီး အိမ်အပြန်ခရီးစပေမဲ့၊ အတွေးရင်ခွင်ထဲမှာတော့ မေးစရာတွေက၊ ကျန်နေဆဲလေ။

3 comments:

aung oo said...

အစ်ကို..
သုံးသပ်တင်ပြထားတာ မှတ်သားလောက်ပါတယ်။ အလယ်လမ်းဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ယထာဘူတ ဉာဏ် ရဖို့အရေးကြီးတာပါ။

မရှိပညတ်၊ ရှိပရမတ်၊
နှစ်ရပ်ဉာဏ်ဖြင့်ခွဲ။
နှစ်ရပ်ဉာဏ်မြင်၊ ဒိဋ္ဌိစင်၊
နိဗ္ဗာန်ဝင်မည် မလွဲ။

သိရှိကျင့်ကြံနေသောတရားမှသည် နိဗ္ဗာန်သို့တိုင်အောင် ကျေးဇူးပြုနိုင်ပါစေ..။

soneseeyar said...

မင်္ဂလာပါ အစ်ကိုရေ...

ဖတ်လေဖတ်လေ ငတ်မပြေနိုင်တဲ့ စာကောင်းပေကောင်း တစ်ပုဒ်ပါပဲအစ်ကို။ ဖိုးသားဖတ်တာ လေးခေါက်တောင် ရှိသွားတယ် အစ်ကို။ အစ်ကို့စာလေးကို ဖိုးသားပြင်ပေးရင်းနဲ့လေ။

ကျန်းမာရွှင်လန်းစေကြောင်း ဖိုးသား အဖြူရောင်မေတ္တာတွေနဲ့ ဆုတောင်းဆန္ဒ ပြုလိုက်ပါတယ် အစ်ကို။

လေးစားရိုသေစွာ ဦးခိုက်လျက်
ချစ်ညီလေး
ဖိုးသား

sonesiyar.blogspot.com said...

မင်္ဂလာပါ အစ်ကိုရေ...

ဖတ်လေဖတ်လေ ငတ်မပြေနိုင်တဲ့ စာကောင်းပေကောင်း တစ်ပုဒ်ပါပဲအစ်ကို။ ဖိုးသားဖတ်တာ လေးခေါက်တောင် ရှိသွားတယ် အစ်ကို။ အစ်ကို့စာလေးကို ဖိုးသားပြင်ပေးရင်းနဲ့လေ။

ကျန်းမာရွှင်လန်းစေကြောင်း ဖိုးသား အဖြူရောင်မေတ္တာတွေနဲ့ ဆုတောင်းဆန္ဒ ပြုလိုက်ပါတယ် အစ်ကို။

လေးစားရိုသေစွာ ဦးခိုက်လျက်
ချစ်ညီလေး
ဖိုးသား

အစ်ကိုရေ နေကောင်းအောင်နေနော်။ ဆိုင်ကယ်စီးရင် အစ်ကိုက သူတစ်ပါး မထိခိုက်အောင် သတိထားပြီး စီးတယ်လို့ ဖိုးသားကိုပြောတယ်နော်။ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်အောင် စီးပါနော်အစ်ကို။ ဖိုးသားနည်းတူ အစ်ကို့ကိုမှီပြီး သိရမယ့်သူတွေ၊ ချစ်ခြင်းတွေငတ်မွတ်နေလို့ အစ်ကို့ရဲ့ ချစ်ခြင်းတွေကို မျှော်လင့်နေသူတွေ ဤကမ္ဘာမြေပေါ်မှာ အများကြီး ကျန်နေပါသေးတယ် အစ်ကို။

ထပ်လောင်းလေးစား ကျေးဇူးတင်စွာဖြင့်
ချစ်ညီလေး
ဖိုးသား

မှတ်ချက်။ ။အပေါ်က ဘလော့နာမည် soneseeyar ကမှားနေပါတယ်ခင်ဗျာ။ အခုအောက်က sonesiyar ကမှ မှန်လည်းမှန် ဖွင့်ကြည့်လို့လည်း ရပါတယ်။ တောင်းပန်ပါတယ်။