Friday, November 28, 2008

သံယောဇဉ်


အခုတလော လောကဓံက ကျနော့်ကို ဆက်တိုက် ထိုးနက် လာတယ်။ လောကဓံ ထိုးချက်နဲ့ ထုသားပေသား ကျနေပြီး ဖြစ်တဲ့ ကျနော့်အဖို့ကတော့ မဆန်းတော့ပါ ရိုးသားစွာ အသက်မွေး ၀မ်းကြောင်းရန် အတွက် ကျနော့်မှာ သတ္တိရော ပညာပါ ရှိသည်။ ဒါပေမဲ့ စိတ်ခိုင် လှသည်ဟု ဘာသာ မှတ်ယူ ယုံကြည်မိသော ကျနော်သည် သံယောဇဉ် ကြောင့် မျကရည်မထွက်ဘဲ ကျိတ်ငို ခဲ့ရပါ၏။

အော် …သံယောဇဉ်တဲ့ …အမြင်မဲ့ ပေမဲ့ ခိုင်လွန်းတဲ့ကြိုးလေ။

ကျနော် အိမ်ရှေ့မှာ ထိုင်ရင်း သမီးနဲ့ ဆော့နေသည်။ ဖခင်နှင့် နှစ်ပေါင်းများစွာ အတူရင်းနှီးခွင့် မရ ခဲ့သော မိခင်မဆန်သော သူတစ်ယောက်၏ ရက်စက်စွာ အစွန့်ပစ် ခံခဲ့ရသော သမီး ပျော်နေပါသည်။

“ညကျရင် အဖေနဲ့အိပ်မယ်။ အဖွားနဲ့ မအိပ်တော့ဘူး..နော်”
ဟု ပြောလာသော သမီးကို ကြည့်ရင်း ၊လွတ်လပ် ပေါ့ပါးစွာ ခေါင်းကို ညိတ်ဖြစ် ပြန်သည်။

တကယ်လည်း တမြို့တည်း နေကြပါလျှက် ကျနော်တို့ သားအဖမှာ အတူအိပ် ခဲ့ရသောရက် ရှားပါသည်။ သမီးကို ပြောသော အိပ်ရာဝင် ပုံပြင်ဟု ပြောချင်ပြော၊ သမိုင်းဟုပဲ ဆိုချင်ဆို၊ သမီး သိချင်သော အကြောင်းအရာ မှန်သမျှကို ကျနော် မပြောနိုင် သည်မှာ ကြာခဲ့ပါပြီ..

သမီးကို ရင်ခွင်ထဲ ပွေ့ရင်း.. တွေးနေတုံးမှာပဲ….

“ဆရာ” ဟုခေါ်ရင်း အိမ်ပေါ် တက်လာကြသော ၊ကျနော် စာသင် ပေးနေသော ကလေးတစ်စုကို ကျနော်တွေ့တော့၊

“လာကြကွာ ထိုင်ကြ..ပြီးတော့ ဆ၇ာ ဘာလုပ် ပေးရမလဲ ပြော..သားတို့ သမီးတို့”
ဟု ပြောရင်း ၊ခလေးတွေကို ကြိုနေ မိသည်။

ကလေးတွေ ဆိုပေမဲ့ အားလုံးက ကျောင်းပြီးနေပြီး အလုပ်ဝင် နေကြ သူတွေပါ။ ကျနော်က သူ တို့လေးတွေ နှင့် တခြား ၀ါသနာပါသော ကလေးတွေ အားလုံးကို ပညာဒါန English စာသင်ပေး နေတာ (၃)နှစ် ကျော်ပါပြီ။

တတ်စေချင်သော စေတနာ သက်သက်ပါ။ ပညာပါရမီ အလို့ငှာ ပေါ့လေ။ တခြားကျူရှင် မယူနိုင်သော ကလေးတွေ ကိုလည်း ကျနော် တတ်နိင် သလောက် အနွေးထွေးဆုံး ပွေ့ဖက် ဆီးကြိုခဲ့သည်။

ကျနော် ကိုယ်တိုင် ကမှ ပညာကို လောဘနဲ့ ရှာခဲ့ရ၊ ဆင်းဆင်းရဲရဲ ပညာသင်ခဲ့ ရဘူးတော့ ဒီ ကလေးတွေကို ၊ကျနော် နားလည် ပေးနိုင်သည်။ ၊စာနာပေးနိုင်သည်လေ။

ထားပါတော့လေ။ အပုပ်တွေ ဖေါ်နေရင်းနဲ့ မပြီးတော့ဘူး ဖြစ်နေမည်။

ကျနော် ခေါ်လိုက်တော့ ခလေးတွေ ၀င်လာပြီး တန်းစီထိုင်၊ ကျနော့်ကို သီတင်းကျွှတ်တိုင်း ဒီလိုပဲ ကျောင်းသားတွေ ကန်တော့ နေကြလေ။ ဆန်းမှ မဆန်းတာ။

အခုက ဆန်းနေတယ်ဗျ။ ဘာလဲ ဆိုတော့ သူတို့လေးတွေ လက်မှာ… စာအိတ်ဖြူ လေးတွေ ကိုယ်စီ နဲ့ဆိုတော့၊ ဆန်းနေတာပေါ့။ ရိပ်မိစ ပြုလာသည်။ ဒီကလေးတွေ ကိုယ်စီ.. ငွေတွေ ယူလာကြပြီ။ ၊လက်ထဲက စာအိတ်လေး တွေက ဖောင်းလို့။ ကျနော် ပြောရ ပါတော့မည်။ တားရ ပါတော့မည်။

“ကလေးတွေ အားလုံး ရိုးရိုးလေးပဲ ကန်တော့ ကြပါကွာ။ ခါတိုင်းလိုပေါ့”
ဟု ကျနော် ပြောတော့......

အသက် အကြီးဆုံး ဖြစ်တဲ့ သမီးတစ်ယောက်က....
“ဆရာ့မှာ အခက်အခဲ တွေ့တယ်လို့ ကြားတယ် သမီးတို့ ကန်တော့ ပါရစေတဲ့”

ကျနော် ၀မ်းသာသည်။ အလိုက်သိ လိမ်မာတတ်သော ခလေးတွေ အားလုံးအတွက် ကျနော် သင်ရကျိုး နပ်ပါသည်။ စာကို သာမက သူတို့ဘ၀ တွေကို ရော စိတ်ကိုပါ ကျနော် သင်နိုင်ခဲ့ ပါပြီ။ ထို့အတွက် ကျနော် ကျေနပ်ပါ၏။်။

ကျနော် အလုပ်ထွက်တာ ကို ခလေးတွေ သိပြီး ရောက်လာတာ ဖြစ်နိုင်သည်။

“သားတို့.. သမီးတို့ နင်တို့ ဆရာ ငါလေ၊ ငွေထက် ပါ၇မီကို ချစ်တယ် ဆိုတာကို နားလည်တယ် ဆိုရင် သားတို့ ပြန်ယူသွာ။ ၊ပြီးရင် စနေ၊ တနင်္ဂနွေက လွဲပြီးတော့ ၊စာသင်ချိန်မှာ ဆရာစာပြန်သင်မယ်၊ ကျေးဇူး တင်ပါတယ် ၀မ်းလည်း သာတယ်။ သားတို့ ဆရာ့ကို ချစ်ရင် ပြန်ကြတော့။'
ဟု ပြောတော့ ကလေးတွေ မျက်နှာ မကောင်းကြ။ မတတ်နိုင်။ ကျနော် လက်မခံနိုင်ပါ။ ကျနော် လို ချင်သော အသိညဏ် ရှိသော ကလေးတွေ ဖြစ်အောင် နေခြင်း တစ်ခုတည်း ပင်လျှင် သည် ခလေးများ သည် ကျနော်အား ကျေးဇူး ဆပ်ခဲ့ ပြီးပါပြီကော။ နောင် လာသမျှကို ကျနော် သင်ပါဦးမည်။ ပြောပါဦး မည်။ ပါရမီ အလို့ငှာ သာလျှင် ဖြစ်ချင် ပါသည်၊၊

ကလေးတွေ ပြန်သွာတော့ ကျနော် ကျိတ်ငို သည်မှာ.. ဘာကြောင့် လည်းတော့ ကိုယ်တိုင် မသိတော့ ။သံယောဇဉ် ပဲဖြစ်မည် ထင်သည်၊။

"ဆရာ.." လာပြန်ပြီ တစ်ယောက်။ ဆိုင်ကယ်သံ ကြားတာနဲ့ ကိုလွင်မှန်း သိသည်။ ကိုလွင်က ကုန်စုံဆိုင် ရောင်းသည်။ သူနဲ့ ကိုထွန်းဝင်းက ကျနော့်ဆီမှာ ဗေဒင်ကို အဆဲခံ အဆူခံ ပြီးသင်သည်။ ညဖက်တွေ ကျနော် ရှိရာကို တကူးတက လာပြီး သင်ကြ သူတွေ ဖြစ်၏။

ကျနော် ကိုယ်တိုင်လည်း ထိုပညာ ရပ်ကို စံနစ်တကျ သင်ခဲ့ပါသည်။ ဆရာ စဉ်ဆက်ကိုတော့ အခွင့် ကြုံသော် ပြောဖြစ်မည် ထင်၏။

“ဆရာက.. သူဌေးတူကို.. ဒူးတိုက်ပြီးမှ အလုပ်ထွက်တာ၊ လုပ်လာတဲ့(၇)နှစ်နဲ့ဆို တန်တယ်”
ဟုပြောလာတော့ ကျနော် ပြုံးဖြစ်ပြန်တယ်။

မတော်မတရား လုပ်လွန်းတော့ လည်း.. အင်း၊ ပြောရင် ပေရှည် နေမယ်နော် ဆရာဆီကို စိတ်ပူလာကြတဲ့ သူငယ် ချင်းတွေပါ တပည့် မဟုတ် ပါဘူးလေ။ ဆရာဆိုတာက တာဝန် သိပ်ကြီးတယ်လေ နော်။ ဆရာက ဆရာနဲ့ မတူရင်အပယ်ကို visa မလိုဘဲ ရောက်သွား မှာတော့ ကျနော် ကြောက်ပါသည်။

သံယောဇဉ်နဲ့ လာကြ သူများ ဆီက သံယောဇဉ် ကိုတော့ ကျနော် ယူခဲ့တယ်လေ။ ကျန်တာ တွေကတော့ ပြန်ယူသွားကြပေါ့.။
ညဖက် ကျရင် သားအဖ လမ်းလည်ပြီး အတူအိပ်ရမဲ့ သမီးကတော့ ပျော်လို့လေ ကျနော် ကျေနပ် နေတယ်လေ သမီးကို ပုံတွေ ပြန်ပြောရတော့ မှာ မို့လေ။

14 comments:

Dr Phyo Wai Kyaw said...

အစ်ကို
စာနာပါကြောင်း။
လောကဓံ ကိုကြံ့ကြံ့ခံ ရပ်ရင်း
မိမိအလိုရှိသော တရားထူး ကို ရရှိပါစေ
လို့..

Unknown said...
This comment has been removed by the author.
Dr Phyo Wai Kyaw said...

အစ်ကို ငွေထက်ပါရမီကိုချစ်တယ်
သာဓုမခေါ်ဘဲ မနေနိုင်ပါ။

Younggun said...

ပူလောင်တယ် ဘယ်လောက်ပြောပြော သံယောဇဉ်ဆိုတာ ချစ်စရာတော့ ကောင်းသားဗျ။ အစ်ကို အဆင်ပြေပါစေဗျာ။

မသက်ဇင် said...

"သံယောဇဉ်"
ပိုစ့်လေးကို လာဖတ်ပါတယ်--
ပိုစ့်ကောင်းလေးပါ--

ခေါင်ခေါင် said...

ရင်ဘတ် အစစ်နဲ့ ကို ဖတ်သွားပါတယ် ဆရာ။
ထပ်တူထပ်မျှ ခံစားနားလည်ပါတယ်။
သမီးလေးကို လဲ စာကိုရော စိတ်ကိုရော.. ဘ၀ကိုရော နားလည်အောင် သင်ပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။

အရမ်းကောင်းတဲ့ ပိုစ့်ပါ။

လူလ said...

မင်္ဂလာပါ ကိုဥပသကာ

လာလည်သွားတယ်၊ ကိုယ်ချင်းစာ နာခဲ့ပါတယ်။

ဒီပိုစ့်ကို ဖတ်ရင်း စိတ်မကောင်းပါဘူး
ပတ္တမြားမှန် နွံမှာ မနစ်ပါဘူး။
အားလုံး အဆင်ပြေသွားမှာပါ
စကားမစပ် ဘလောဂ်မှာ ကျွန်နော် လိပ်စာ ပြောင်းလိုက်ပါလား အပ်ဒိတ်မဖြစ်ဘူး

ရွှင်လန်းချမ်းမြေ့ပါစေ...

su wai said...

အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါပဲ။ ငွေထက် ပါရမီကိုချစ်တဲ့ စိတ်က တကယ်ကို လေးစားစရာကောင်းလှပါတယ်။ သံယောဇဉ်ဆိုတာ ရင်ထဲမှာ ထာဝရတည်မြဲခိုင်ခံ့နေမယ့် အရာတစ်ခုပါ။ သံယောဇဉ်ကြိုးမျှင်တွေ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ ဘ၀ထဲမှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
စာတွေ ဒီထက်မက ဆက်လက်ရေးသားနိုင်ပါစေ…။

Anonymous said...

လေးစားမိပါတယ်ဗျာ
လကွယ်ရင်တော့ နေထွက်လာမှာပါ

Ashin Kumara said...

ရှယ်....

တစ်ယောက်ထဲမဟုတ် သမီးသားနဲ့ဆိုတော့ သူတို့အတွက် လည်း ထည့်စဉ်းစားရမှာ။ တာဝန်ကျေတဲ့ဖခင်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားချင်တာ.ကြိုးစားလုပ်နေတာ ကုသိုလ်စိတ်ပဲ လို့ ဆိုချင်ပါတယ်။

အသေးအမွားအခက်အခဲလေးတွေကို အောင်မြင်ကျော်လှမ်းနိုင်မှ ကြီးမားတဲ့အခက်အခဲအတွက်အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ယုံကြည်မှုနဲ့ခွန်အား တွေရလာပါလိမ့်မယ်။

မြတ်ဗုဒ္ဓဟာ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု သာမဟုတ် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုပါ လုပ်ဖို့ လမ်းညွှန်တိုက်တွန်းထားပါတယ်။

အကောင်းဆုံးတက်ကျမ်းဟာ ပိဋကတ်တော်တွေထဲမှာရှိပါတယ်။ ရှာဖတ်ပါ။ နည်းယူပါ။ လက်တွေ့လုပ်ဆောင်ပါ။

ဘုရားရှိခိုး.ပုတီးစိပ်.တရားထိုင် .စေတီတည်.ရုပ်နာမ်ပရမတ် သရုပ်ခွဲ.နေရုံနဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ပြီလို့ ယုံကြည်မှု မရှိတော့ပါ။

ဘာကြောင့်လဲ.. ဗုဒ္ဓတရားတော်ကိုဘ၀အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့.. ဒုက္ခအပေါင်းမှ လွတ်မြောက်အောင် လုပ်ဖို့ လမ်းညွှန်ပေးထားခဲ့တယ်မဟုတ်လား။

လောကမှာ အကြီးဆုံးဖြစ်တဲ့ အိုနာသေ ဒုက္ခတောင် လွတ်မြောက်အောင် နည်းပေးလမ်းပြ ညွှန်ပေးနိုင်တယ်လို့ယုံကြည်သေးတယ်ဆိုရင်..

လောက လူမှုရေး.စီးပွါးေ၇း.. ဒုက္ခတွေဆိုတာ မိုင်နာပဲ ပေါ့။

ဗုဒ္ဓအဆုံးအမ အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် ဒုက္ခအပေါင်းမှ လွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ...

မှတ်ချက်- အဓိဋ္ဌာန်ပုတီးစိပ်လျှင် ချမ်းသာမည်..ထီပေါက်မည် ဟု ဘုရားမဟော။ ဘုရားဟောတဲ့ချမ်းသာကြောင်းအကျင့်ကား သမ္ပဒါန်လေးပါး...

ဆောင်းယွန်းလ said...

အင်မတန်မှမွန်မြတ်တဲ့စိတ်ဓာတ်ရှိသူမို့.သာဓုသုံးကြီမ်
ခေါ်ပါရစေဗျာ...
ခင်မင်လျက်..

soneseeyar said...

အစ်ကို ..

>>> ဖိုးသား မျက်ရည်တွေရွှဲနေတယ်အစ်ကို.. ကိုဝင်းမြင့်သိရင်တော့ ဒီမျက်ရည်တွေဟာ အပါယ်သွားမယ့် မျက်ရည်တွေလို့ ပြောမှာသေချာတယ်..။ ဒါပေမယ့် ဖိုးသား တကယ်ကို စာနာပြီး ကျခဲ့တဲ့ မျက်ရည်တွေပါ။

>>> ဖိုးသားဆီက သံယောဇဉ်နဲ့ အဖြူရောင်မေတ္တာတွေကို အစ်ကို တစ်ယောက်တည်း သိမ်းဆည်းလေသရော့သလား အစ်ကိုရာ။

>>> အစ်ကိုက ကြိတ်ငိုပေမယ့် ဖိုးသားကတော့ တိတ်တိတ်လေး မငိုတတ်ခဲ့ပါဘူး အစ်ကိုရယ်။ အစ်ကို့လို ပါရမီကို ချစ်တတ်အောင် ဖိုးသားကြိုးစားရပါဦးမယ်အစ်ကို။

ရိုသေလေးစား ခင်မင်စွာဖြင့်
ဖိုးသား

winmyint said...

မျက်ရည်တိုင်းက အပယ်ကိုသွားတဲ့မျက်ရည်မဟုတ်ပါဘူး ဖိုးသား။ အပယ်ကလွတ်ပြီး နိဗ္ဗာန်ထိကိုကျေးဇူးပြုတဲ့ မျက်ရည်တွေလည်းရှိပါတယ်။ မျက်ရည်မျကျတော့တာကတော့ အနာဂမ်မကျတော့ဘူး။ မျက်ရည် မကျတိုင်းလည်း အနာဂမ်လို့တော့ မယူလိုပါဘူး။ ဆိုလိုချင်တာက ဉာဏ်နဲ့မျက်ရည်ကျတာရှိတယ်။ ဉာဏ်မဲ့မျက်ရည်ကျတာရှိတယ်။ ဉာဏ်နဲ့မျက်ရည် မကျတာရှိတယ်။ ဉာဏ်မဲ့မျက်ရည်မကျတာရှိတယ်။
ပူလောင်တဲ့မျက်ရည်ကလည်း ခံယူတတ်ရင် အေးငြိမ်းမှုကို ကျေးဇူးပြုပါတယ်။ မခံယူတတ်ရင် မျက်ရည်က ဆီဖြစ်ပြီး မီးပြန်တောက်တာလည်း ရှိတာပဲ။ ဘယ်လိုခံယူတတ်ရင်လည်း ဆိုတော့ ဒီမျက်ရည်တွေက ပူလောင်ပါလား၊ ဆင်းရဲပါ့လား၊ ဒီမျက်ရည်တွေကျရတဲ့အကြောင်းရင်းကို လက်သည်ရှာပုံတော်ထွက်ပြီးတော့ လက်သည်မိပြီး ချေမှုန်းနည်းကို စိတ်ဝင်စားခဲ့မယ်ဆိုရင်တော့ ခုနားကပြောတဲ့ အေးငြိမ်းမှုကို ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုဝင်းမြင့်သိရင်တော့ ဒီမျက်ရည်က အပယ်သွားသည်ပဲလို့တော့ မပြောလိုပါ။ ဝေဖန်သုံးသပ်ပြီး ဉာဏ်သွင်းတတ်အောင်သာ ပြောပြပါမယ်။ လောကမှ ခံယူတတ်ရင်၊ ခံယူတတ်သလောက် အကျိုးရှိတာပါပဲ။ ခံယူတတ်ဖို့အတွက်သာ တရားအားထုတ်တာပါ။ တရားအားထုတ်တော့ အမှန်တရားကို သိတယ်။ အမှန်သိတော့ ခံယူမှန်တယ်။ ခံယူမှန်တော့ နိဗ္ဗာန်ဝင်တာပါပဲ။ သမ္မာဒိဋ္ဌိက ကျေးဇူးပြုသွားတဲ့သဘောပါ။
အေးလို သဘောလေးတွေပါ..
လေးစားစွာဖြင့်
ဝင်းမြင့်

000038 said...

"ဆရာက ဆရာနဲ့ မတူရင်အပယ်ကို visa မလိုဘဲ ရောက်သွား မှာ" တဲ.လား အကို။
ကျေးဇူးတင်ပါတယ်ရှင်။